နယူးဇီလန်က မတော်တဆထိခိုက်မှုအာမခံ ACC ကိုသိပြီးပြီလား?
ACC ဆိုတာ မတော်တဆ ထိခိုက်နစ်နာကြေး အဖွဲ့အစည်း (Accident Compensation Corporation) ကို အတိုခေါက် ခေါ်တာပါ။ ၎င်းမှ မတော်တဆ ထိခိုက်မှုအာမခံကို နိုင်ငံမရွေး၊ ဗီဇာမရွှေး ရရှိနိုင်ပါတယ်။
✅ ခရီးသွားများ
✅ အလုပ်သမားများ
✅ နိုင်ငံတကာကျောင်းသားများ
✅နေထိုင်ခွင့်ရှိသူများ
စသည့်နယူးဇီလန်တွင် တရားဝင်နေထိုင်သူအားလုံးကို အာမခံပေးပါတယ်။
👉 ဆရာဝန်က ACC လို့လျှောက်ပေးလိုက်ပြီဆိုတာနဲ့ ပိုက်ဆံရှင်းတဲ့အခါမှာ ACC မှ ပေးပြီးသား စျေးနှုန်းပဲပေးရမှာဖြစ်ပါတယ်။ သီးခြား လျှောက်ထားရန် မလိုပါ။
ဆရာဝန်ပြတဲ့အခါမှာ "မတော်တဆ (Accident)" ဖြစ်တာပါလို့ အလေးပေးပြောပြပါ။ မဟုတ်ရင် ရိုးရိုး "အထွေထွေဆေးကုသမှု" ဆိုပြီး ACC မရဘူးဖြစ်နိုင်ပါတယ်။
အထူးသဖြင့် အရိုးအဆစ်၊ ကြွက်သားနဲ့ သက်ဆိုင်တဲ့ ခွဲစိတ်စရာလိုတဲ့ ဒဏ်ရာမျိုးတွေကို မတော်တဆဒဏ်ရာလို့ လက်မခံပဲ အဆစ်နာ (arthritis) လို့ပြောပြီး ACC မှ မရတာမျိုး ကြားဘူးပါတယ်။
နောက်ပြီး မတော်တဆထိခိုက်မှုဖြစ်ပြီဆိုတာနဲ့ ချက်ခြင်းဘာမှမဖြစ်ပေမယ့် ဆရာဝန်ဆီသွားပြီး မတော်တဆဖြစ်ကြောင်း မှတ်တမ်းရှိအောင် အရင်သွားပြပါလို့ တိုက်တွန်းပါတယ်။ ဒါမှ နောက်ပြီး ရက်နည်းနည်းကြာမှ ကြွက်သားတွေနာလာတာ၊ အခြားခံစားရတာတွေကို Accident အဖြစ် ACC မှ အာမခံပေးမှာဖြစ်ပါတယ်။
---
💰 ဝင်ငွေပံ့ပိုးမှု
အကယ်၍ ဒဏ်ရာကြောင့် ၁ ပတ် အတွင်းအလုပ်မသွားနိုင်ဘူးဆိုရင်တော့ ACC က ဘာမှပေးမှာမဟုတ်ပါဘူး။
သို့သော် ၁ ပတ်ကျော်သွားပြီးနောက် ဆက်နားရမယ်၊ အလုပ်မသွားနိုင်ရင် ACC က ဝင်ငွေရဲ့ 80% ခန့်ကို ပေးမှာဖြစ်ပါတယ်။
⚡အလုပ်မှာ ထိခိုက်ဒဏ်ရာရရင်
ပထမအပတ်ကို ကုမ္ပဏီမှ 80% လစာကိုပေးမှာဖြစ်ပြီး ၁ ပတ်ကျော်နားရမယ်ဆိုရင်တော့ ကျန်တာကို ACC မှ ပေးမှာဖြစ်သည်။
👉ဒါကြောင့် လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ မတော်တဆမှုဖြစ်ရင် ကုမ္ပဏီကို အရင်အကြောင်းကြားပါ။ ပြီးတော့မှဆရာဝန်ကို အလုပ်မှာ ထိခိုက်ကြောင်းပြောပါ။
---
🚫 ACC မှ အကျုံးမဝင်သော အရာများ
> ရောဂါများ (ဥပမာ အအေးမိခြင်း၊ ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ စသည်ဖြင့်)
> သွားနှင့်ခံတွင်းဆိုင်ရာပြဿနာများ (သွားပေါက်၊ သွားဖုံးရောဂါ)၊ သို့သော် သွားတစ်ချောင်း မတော်တဆ ကျိုးသွားပါက ACC ရနိုင်ပါတယ်။
> ကိုယ်ဝန်နှင့် ကလေးမွေးဖွားခြင်းဆိုင်ရာ ဆေးဝါးစောင့်ရှောက်မှု (ဒါကို ACC မှမပေးပင်မယ့် ဗီဇာပေါ်မှာမှုတီပြီး အခြားဌာနမှ ပံ့ပိုးပေးမှာဖြစ်ပါတယ်။)
---
✅ အကျဉ်းချုပ် ပြောရရင် ACC သည် ခရီးသွားဖြစ်စေ၊ ကျောင်းသားဖြစ်စေ၊ နေထိုင်သူဖြစ်စေ နိုင်ငံအတွင်းရှိလူတိုင်းကို စောင့်ရှောက်ပေးတဲ့ မတော်တဆထိခိုက်မှုအာမခံစနစ်ပါ။ ထို့ကြောင့် မတော်တဆဖြစ်ရင် ဆရာဝန်ပြပြီး ACC ကို ချက်ချင်းသတင်းပို့ပါ။
သို့သော် ACC က ကျန်းမာရေးအာမခံမဟုတ်တဲ့အတွက် အခြားကျန်းမာရေး ပြဿနာများအတွက် အထူးသဖြင့် သွားနှင့်ခံတွင်းကုသမှုက အလွန်စျေးကြီးတာကြောင့် ရေရှည်နေထိုင်သူများကို ကျန်းမာရေးအာမခံ (သွားအပါအဝင်) သီးသန့်ဝယ်ယူရန် အကြံပေးချင်ပါတယ်။
နယူးဇီလန်မှာကျန်းမာရေးအတွက် ဗီဇာအချို့နဲ့ နေထိုင်ခွင့်ရှိသူများအတွက် ထောက်ပံ့မှုတွေအကြောင်းကိုတော့ ဒီကိုနှိပ် ပြီး ဖတ်နိုင်ပါတယ်။
မှ သွန်းသစ်သူ🌼
Comments
Post a Comment