ဘယ်နိုင်ငံမှာ ဘာအလုပ်ရှာရှာ ဘယ်ကနေစမလဲ? အလုပ်ရဖို့အခွင့်အရေးများအောင် ဘယ်လိုလုပ်မလဲ?
အလုပ်ကြော်ငြာတိုင်းရဲ့နောက်ကွယ်မှာ ဖြေရှင်းစရာပြဿနာတစ်ခုခုရှိနေလို့ပါ။ ပြီးတော့ အလုပ်ရှင်နေရာကနေစဥ်းစားပါ။ ဒီစာ ၂ ကြောင်းကို နှလုံးသွင်းပြီး အလုပ်ရှာဖို့ပြင်ဆင်တာ၊ မိတ်ဆက်စာ (Cover Letter) နဲ့ ကိုယ်ရေးအကျဥ်း (CV သို့ Resumé) ကိုရေးပေးနိုင်ရင် ဘယ်နိုင်ငံမှာ ဘာအလုပ်ရှာရှာ ဘာသာစကားကွဲရင်ကွဲသွားမယ် အလုပ်ရဖို့အခွင့်အရေးများလာပါလိမ့်မယ်။ အောက်မှာတော့ ဒီစာကြောင်းတွေကို အခြေခံပြီး ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မိတ်ဆက်ပေးပါ့မယ်။
၁။ အလုပ်လျှောက်မယ့်နိုင်ငံက ကိုယ်ရှာမည့်အလုပ်မျိုးရဲ့ ကြော်ငြာများ (Job Advertisement) ကို များများဖတ်ပြီး အရင်လေ့လာပါ။
နိုင်ငံတစ်ခုမှာ အလုပ်ရှာချင်ပြီဆိုတာနဲ့ ထိုနိုင်ငံမှာသုံးနေကျ အလုပ်ကွန်ရက်နေရာ (job websites) များမှာ အလုပ်ကြော်ငြာများကို လက်လှမ်းမှီသမျှရှာကြည့်ပါ။ အလုပ်ကြော်ငြာ ၁၀ - ၂၀ လောက် ကြည့်ပြီးသွားလို့ရှိရင် အဲ့ဒီနိုင်ငံက ကိုယ်ရှာတဲ့ အလုပ်မျိုးက ဘယ်လိုအရည်အချင်း၊ အောင်လက်မှတ်တွေ တောင်းဆိုလေ့ရှိလဲ ဆိုတာနားလည်လာပါလိမ့်မယ်။
အလုပ်ကွန်ရက်နေရာ (job websites) တွေကိုမသိလျှင် ChatGPT သို့မဟုတ် Gemini မှာမေးကြည့်နိုင်ပါတယ်။ အင်္ဂလိပ်သို့မဟုတ် လူအသုံးများဘာသာစကားများ ဥပမာ တရုတ်၊ ဂျပန်၊ စပိန် စသည့်ဘာသာစကားများနဲ့ရှာရင်မေးလို့ရတဲ့အဖြေကပိုကောင်းပါတယ်။ အောက်မှာတော့ ဥပမာအနေနဲ့ မြန်မာလို "နယူးဇီလန်မှာအလုပ်ရှာရင် ဘာ websiteတွေမှာ အလုပ်ရှာနိုင်လဲ" ဆိုပြီး ဒီ ၂ နေရာမှာမေးထားတာပါ။ နောက်တစ်ဆင့် အနေနဲ့ "ကိုယ်သွားမည့်နိုင်ငံ၊ ကိုယ်ရှာချင်တဲ့အလုပ်က ဘာwebsiteတွေမှာ အလုပ်ရှာနိုင်လဲ" ဆိုပြီးလဲ မေးနိုင်ပါတယ်။
၂။ အလုပ်လျှောက်မည့် ကုမ္ပဏီရဲ့ အလုပ်ကြော်ငြာကိုသေချာဖတ်ပါ။
အလုပ်အကိုင်နာမည် (Job title) ခြင်းတူရင်တောင်မှ ကုမ္ပဏီတိုင်းမှာဖြေရှင်းရမယ့် ပြဿနာက တူချင်မှတူပါလိမ့်မယ်။ ကုမ္ပဏီခြင်းတူ၊ အလုပ်အကိုင်နာမည်ခြင်း တူရင်တောင်မှ အလုပ်ခေါ်တဲ့အချိန်ကွာသွားတာနဲ့ ဖြေရှင်းရမယ့် ပြဿနာကကွာသွားနိုင်ပါတယ်။
ဥပမာ စက်ပြင်ဆရာ (Mechanic) အလုပ်ရှာတယ်။ စက်ပြင်ဆရာဆိုတဲ့နာမည်ခြင်းတူရင်တောင်မှ ရိုးရိုးအိမ်ကားပြင်တာ၊ ဒီဇယ်ကားကြီးတွေပြင်တာ၊ ဆိုင်ကယ်ပြင်တာ စသဖြင့် လိုအပ်တာခြင်းကွဲပြားနိုင်ပါတယ်။ ကုမ္ပဏီတစ်ခုက ဒီ ၃ မျိုးလုံးလိုအပ်မှုရှိတယ်ဆိုရင်တောင်မှ ခေါ်တဲ့အချိန်မှာ ၁ မျိုးပဲလိုလို့ လိုတဲ့ ၁ မျိုးပဲ ခေါ်တာလဲ ဖြစ်နိုင်ပါတယ်။
ထိုနည်းတူပဲ ကွန်ပြူတာပိုင်းဆိုလဲ အစုံဆောက်တည်အင်ဂျင်နီယာ (full-stack engineer) ခြင်းတူရင်တောင်မှ လုပ်တဲ့ လုပ်ငန်းနယ်ပယ် (industry) ခြင်းမတူရင်လဲ လိုအပ်တာကွာနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဆိုရင်လဲ အိမ်ရာပိုင်း၊ စက်ရုံပိုင်း၊ ဟော်တယ်ပိုင်း၊ စဆောက်စ၊ အချောသပ် စသဖြင့်လဲ ကွဲပြားသွားနိုင်ပါတယ်။
ဒါကြောင့် အလုပ်ခေါ်တဲ့ ကုမ္ပဏီကဘာပြဿနာဖြေရှင်းဖို့ လိုအပ်နေလဲဆိုတာ အနည်းနဲ့အများသိနိုင်ဖို့ အလုပ်ကြော်ငြာကို သေချာဖတ်ပါ။
၃။ မိတ်ဆက်စာ (Cover Letter) နဲ့ ကိုယ်ရေးအကျဥ်း (CV သို့ Resumé) အား အလုပ်လျှောက်မည့် ကုမ္ပဏီရဲ့ အလုပ်ကြော်ငြာကို အခြေခံပြီးပြင်ဆင်ပါ။
ဒါတွေပြင်ဆင်တဲ့အချိန်မှာလဲ လျှောက်မဲ့ကုမ္ပဏီက ဖြေရှင်းရမည့် ပြဿနာပေါ်မှာမူတည်ပြီး ၎င်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အတွေ့အကြုံ၊ အရည်အချင်းတွေကို အသားပေးဖော်ပြခြင်းဖြင့် အလုပ်ရဖို့ အခွင့်အရေးအများကြီးတိုးလာနိုင်ပါတယ်။ မိတ်ဆက်စာနဲ့ ကိုယ်ရေးအကျဥ်းကို အသေးစိတ်ဘယ်လိုရေးမလဲဆိုတာ ဒီကိုနှိပ်ပြီးဖတ်နိုင်ပါတယ်။
၄။ ကိုယ်တွေ့စစ်ဆေးခြင်း (Interview)
အထက်ပါ မိတ်ဆက်စာနဲ့ ကိုယ်ရေးအကျဥ်း ပို့ပြီးလို့ အလုပ်လျှောက်ပြီးသွားရင် ကိုယ်တွေ့စစ်ဆေးခြင်းအဆင့်ကို ရောက်နိုင်ပါတယ်။
ဒီအဆင့်ကို ပြင်ဆင်တဲ့အခါမှာလဲ အလုပ်ကြော်ငြာကို အခြေခံပြီး ကုမ္ပဏီကဖြေရှင်းရမယ့်ပြဿနာနဲ့ဆိုင်ရာ နည်းပညာပိုင်းမေးခွန်းများ (technical questions) ကို ဦးစားပေးပြန်လေ့လာပါ။ ကုမ္ပဏီအကြောင်းကိုလဲ အင်တာနက်မှာ လက်လှမ်းမှီသလောက် လေ့လာထားပါ။
အလုပ်ကြော်ငြာကို ChatGPT ထဲသို့ ပို့လိုက်ပြီး " ကုမ္ပဏီက Interviewမှာ မေးနိုင်တဲ့မေးခွန်းတွေကို ပြောပြပါ" ဆိုပြီးလည်းမေးကြည့်နိုင်ပါတယ်။
ထို့အပြင် ကိုယ်တွေ့စစ်ဆေးခြင်းဆိုတာ အလုပ်ရှင်က တစ်ဖက်တည်းမေးရုံမက အလုပ်ရှာတဲ့သူကလည်း ကိုယ်အလုပ်လုပ်မဲ့ ကုမ္ပဏီ၊ ထမ်းဆောင်ရမည့်တာဝန်၊ ဖြေရှင်းရမည့် ပြဿနာကိုလည်း မေးနိုင်ပါတယ်။
အကြံပြုချင်တာကတော့ ကုမ္ပဏီကိုမေးရမည့်မေးခွန်း အနည်းဆုံး ၃ ခုပြင်ဆင်ထားပါ။ ထိုမေးခွန်းက ကိုယ်ကျိုးနဲ့ဆိုင်ရာမဟုတ်ပဲ၊ ကိုယ့်အလုပ်နဲ့ သက်ဆိုင်ရာ မေးခွန်းဆို အကောင်းဆုံးပါ။ ဥပမာ "လစာဘယ်လောက်ပေးလဲ?" လို့ မေးမယ့်အစား "ဒီအလုပ်ကို ကောင်းအောင်လုပ်ဖို့ ဘယ်အချက်တွေက အဓိကကျလဲ" ဆိုတာမျိုး မေးနိုင်ပါတယ်။
ကိုယ်ကျိုးနဲ့ဆိုင်ရာမေးခွန်းတွေကိုတော့ ကုမ္ပဏီက အလုပ်ခန့်စာပေးမယ်လို့ ပြောပြီဆိုမှ အလုပ်စာချုပ်မထိုးမှီ အသေးစိတ် ပြန်ဆွေးနွေးနိုင်ပါတယ်။ အလုပ်စာချုပ်ကိုလဲ သေချာ အသေးစိတ်ဖတ်ပါ။ အနည်းဆုံးတော့ စာချုပ်ကို ChatGPT ထဲသို့ ပို့လိုက်ပြီး "ဒါကိုယ်အလုပ်ရတဲ့ စာချုပ်ပါ၊ ကိုယ်သိသင့်တဲ့ ခံစားခွင့်တွေဘာပါလဲ? သတိထားရမယ့်အချက်တွေဘာပါလဲ?" ဆိုပြီးမေးနိုင်ပါတယ်။
---
ကိုယ်ကြိုးစားပြီးရေးတယ် ဒါပေမယ့် အလုပ်မရဘူးဆိုရင် ဖြစ်နိုင်ချေအကြောင်းအရင်းတွေကတော့
- ကိုယ့်အတွေ့အကြုံ၊ အရည်အချင်းနဲ့ ကုမ္ပဏီက လိုအပ်ချက်နဲ့ မကိုက်ညီတာ
- အလုပ်က အများနဲ့ လျှောက်ရတာဆိုတော့ ပိုပြီးသင့်တော်တဲ့သူရှိတာ
- တစ်ချို့ ဖြေရှင်းရမယ့် ပြဿနာကို ကုမ္ပဏီက တရားဝင်ပြောလို့ ရချင်မှရပါမယ်။ ဒါပေမယ့် ကုမ္ပဏီကအတွင်းပိုင်းမှာစီစစ်တဲ့အခါ ဒီအချက်ကိုလည်း ထည့်စဥ်းစားတာကြောင့် အလုပ်ကြော်ငြာက ကိုယ်နဲ့ကိုက်ညီပေမယ့် အလုပ်မရတာမျိုးလဲရှိနိုင်ပါတယ်။
---
နယူးဇီလန်နဲ့ သက်ဆိုင်ရာ ပြောရရင်တော့ အလုပ်ရမှ အလုပ်ဗီဇာလျှောက်လို့ရမှာပါ။ အလုပ်ရှာတဲ့အခါမှာ ဗီဇာနဲ့သက်ဆိုင်ရာ အကြောင်းအရာအချို့ လိုအပ်ပေမယ့် ဒီအဆင့်ကို အလုပ်ရှင်တွေက အလုပ်လျှောက်စာတွေ စီစစ်ကတည်းက ကြည့်သွားမှာပါ။
အကယ်၍ ကိုယ်က ကုမ္ပဏီကပြဿနာကိုတစ်ကယ်ဖြေရှင်းနိုင်မယ့်သူဆိုရင်တော့ ကုမ္ပဏီဘက်က ဝိုင်းဝန်းကြိုးစားပြီး လျှောက်လို့ရအောင် လုပ်ပေးတာတွေလဲ မြင်ဘူးပါတယ်။
ဥပမာ အသိအမှတ်ပြုအလုပ်ရှင်အလုပ်ဗီဇာ (AEWV, Accredited Employer Work Visa) ရဖို့အတွက်ကို ကုမ္ပဏီက အသိအမှတ်ပြုအလုပ်ရှင် (Accredited Employer) ဖြစ်ဖို့လိုပါတယ်။ မူလက အသိအမှတ်ပြုအလုပ်ရှင် မဟုတ်ပင်မယ့် အဲ့ဒီဝန်ထမ်းကို လိုချင်လို့ အသိအမှတ်ပြုအလုပ်ရှင် အဖြစ်လျှောက်ပေးတာ မြင်ဘူးပါတယ်။
နောက်တစ်ယောက်ဆိုရင်လဲ လုပ်သက် ၃ နှစ်အတွက် လုပ်သက်အထောက်အထား မပြနိုင်လို့ ကုမ္ပဏီက လစာမြင့် (High Income) ပေးပြီး မတူတဲ့နည်းနဲ့ အလုပ်ဗီဇာရအောင် လုပ်ပေးလိုက်တာလဲ ကြုံဘူးပါတယ်။
အချို့အလုပ်တွေက အလုပ်သက်တမ်း ၅ နှစ်အထက်ရှိတာလိုချင်ပေမယ့် တစ်ချို့အလုပ်တွေက လုပ်သက်သိပ်မများသေးတဲ့ လူငယ်ကို ပိုလိုချင်တာမျိုးလဲရှိပါတယ်။ (ဒါမျိုးကိုနိုင်ငံအများစုရဲ့ ကြော်ငြာမှာ တရားဝင်ထည့်ရေးလို့မရပါ)
ထို့ကြောင့်အလုပ်ရနိုင်ချေရှိမရှိဆိုတာ အလုပ်ခေါ်တဲ့ ကုမ္ပဏီကပဲ အဖြေပေးနိုင်မှာပါ။
ဒါပေမယ့် အသက် ၅၀ ဝန်းကျင်ရှိပြီဆိုရင်တော့ ကုမ္ပဏီက ပြည်ပကလူကို အခြေခံအလုပ်ခန့်ဖို့ကို တော်တော်စဥ်းစားမှာပါ။
---
ဒီလိုမျိုး အလုပ်တိုင်းရဲ့နောက်ကွယ်မှာ ဖြေရှင်းစရာပြဿနာရှိနေတာကို နားလည်ပြီး ပြဿနာရင်းမြစ်ကိုတွေးခေါ်ဖြေရှင်းနည်းကို ပထမမူစည်းမျဉ်း (First Principles) တွေးခေါ်နည်းလို့ခေါ်ပါတယ်။ ဒီနည်းကို အရစ္စတိုတယ် (Aristotle) အဆိုပြုခဲ့ပြီး အီလွန်မက်စ် (Elon Musk) က အမြဲတမ်း ပြောဆိုကျင့်သုံးနေကြပါ။
ဒီနည်းလမ်းကို အလုပ်ရှာချိန်မှာမက၊ ဘာအလုပ်ပဲလုပ်လုပ် ကျင့်သုံးနေရင် အလုပ်ပိုမြဲတာ၊ အလုပ်ရှာရတဲ့ ပိုလွယ်တာတွေ့ရမှာပါ။ ကိုယ်ဖြေရှင်းနိုင်တဲ့ ပြသနာရဲ့အကြီးအသေး၊ ခက်ခဲ၊ နက်နဲမှု တွေကြောင့်ပဲ လုပ်ငန်းခွင်တန်ဖိုး (Professional value) ကွာသွားတာပါ။
Comments
Post a Comment