နယူးဇီလန် (NZ) ရောက်ရောက်ခြင်း ဖုန်း SIM ကဒ်ဝယ်၊ ဘဏ်အကောင့်ဖွင့်ပြီးတာနဲ့တတိယအဆင့် အနေနဲ့ လုပ်ရမှာကတော့ အခွန်နံပါတ် (IRD Number) ဖြစ်ပါတယ်။ IRD ဆိုတာကတော့ ပြည်တွင်းအခွန်များဦးစီးဌာန (Inland Revenue Department) ကိုအတိုခေါက်ခေါ်တာပါ။ ဒါပေမယ့်များသောအားဖြင့် အခွန်နံပါတ်ကို IRD လို့ပဲ အလွယ်တကူ ခေါ်ကြပါတယ်။
အခွန်နံပါတ် (IRD) က အချိန်တိုဖြစ်ဖြစ်၊ ရေရှည်အလုပ်ဖြစ်ဖြစ်၊ တရားဝင်အလုပ်တိုင်း ရှိဖို့လိုအပ်ပါတယ်။ နယူးဇီလန်ရဲ့ အခွန်စနစ်က ကြိုကောက်စနစ်ဖြစ်တာမို့ လစာပေးတာနဲ့ အခွန်ကို နှုတ်ပြီးမှ ကျန်တဲ့ပမာဏပဲ ဝန်ထမ်းဆီကို ဝင်လာမှာပါ။
အခွန်နံပါတ် (IRD) ကို AA insurance မှာ လူကိုယ်တိုင် သွားဖွင့်လို့ရပင်မယ့် IRD စောင့်ရတာကြာပါတယ်။ အမြန်ဆုံးနည်းကတော့ IRD ကွန်ရက်နေရာ (Website) ပေါ်မှာလုပ်တာပါ။ အခမဲ့ဖြစ်ပြီး ပုံမှန်အားဖြင့် ၂ ရက်အတွင်းရပါတယ်။ များသောအားဖြင့် နာရီပိုင်းဆိုရပါပြီ။
အနည်းဆုံး လိုအပ်မှာတွေကတော့ -
- နိုင်ငံကူးလက်မှတ် (Passport)
- ဗီဇာ (Visa)
- NZ ဖုန်းနံပါတ်
- NZ လိပ်စာ
- NZ ဘဏ်အထောက်အထား (ဘဏ်နံပါတ်ပေးလို့ရတယ်ဆိုရင်)
- အောက်ကိုနည်းနည်းဆင်းလိုက်ပြီး နံပါတ် ၃ အဆင့်မှ "Apply for an IRD number" ကိုနှိပ်ပါ။
- ဘယ်လိုနည်းနဲ့ IRD လိုချင်လဲမေးရင် "email" နဲ့ယူတာကိုရွေးဖို့ အကြံပြုချင်ပါတယ်။ မေ့သွားရင် ပြန်ရှာရလွယ်အောင်လို့ပါ။
- Enrol for a myIR account - myIR အကောင့်ကို နောက်မှဖွင့်လည်းရပေမယ့် တခါတည်းဖွင့်ဖို့ အကြံပြုချင်ပါတယ်။ myIR ထဲမှာတော့ တရားဝင်လစာအားလုံး၊ အခွန်မှတ်တမ်း စတာတွေကို ရှာနိုင်မှာဖြစ်ပါတယ်။ နောင်တစ်ချိန် အလုပ်လုပ်တဲ့အထောက်အထားပေးဖို့လိုအပ်ရင် ဒီထဲက မှတ်တမ်းတွေကို ပေးနိုင်ပါတယ်။
- နေထိုင်ရာလိပ်စာ (Residential address) ကို NZ လိပ်စာထည့်ပါ။
- ဘဏ်နံပါတ်ရှိလားလို့ မေးပါလိမ့်မယ်၊ ဒီအဆင့်မလုပ်ရသေးရင် မထည့်လို့ရပါတယ်။ နောက်ဘဏ်နံပါတ် ဖွင့်ပြီးမှ ပြန်ထည့်ပါ။ မထည့်လို့ရှိရင်တော့ အခွန်ပြန်အမ်းတဲ့အခါ ဘဏ်ကိုလွဲပေးလို့မရပါ။အစိုးရနဲ့လျှောက်ထားတဲ့ ထောက်ပံ့ကြေးတွေဆိုရင်လဲ ဘဏ်ထဲကိုမဝင်လာနိုင်ပါဘူး။
- အခြားနိုင်ငံရဲ့ အခွန်မှတ်ပုံတင်နံပါတ် (Tax Identification Number, TIN) ကို မေးပါလိမ့်မယ်။ မြန်မာနိုင်ငံကဆိုရင်တော့ "အခွန်ထမ်း အမြဲတမ်းမှတ်ပုံတင်အမှတ် (Tin No)" ထည့်ပါ။ တစ်ခြားနိုင်ငံမှာ လဲအခွန်ဆောင်ဘူးတယ်ဆိုရင် ထိုနိုင်ငံက အခွန်မှတ်ပုံတင်နံပါတ် (TIN) ကိုထည့်ရေးပါ။
မေးထားတဲ့မေးခွန်းများကို တစ်ဆင့်ချင်းစီဖြေပြီးသွားပြီဆိုရင်တော့ အတည်ပြုနံပါတ် (Confirmation Number) ရပါလိမ့်မယ်။ ဒီနံပါတ်ကိုသိမ်းထားပြီး ၂ ရက်အတွင်းမရရင်တော့ ရုံးကို ဒီနံပါတ်ပြောပြီး ဖုန်းဆက်မေးလို့ရပါတယ်။
အကယ်၍ အခုလို IRD လျှောက်တဲ့အခါမှာ ဗီဇာပေါ်မှာပါတဲ့ နောက်ဆုံးဝင်ရမယ့်အချိန် (You must arrive in New Zealand before DD MMM YYYY) ကျော်သွားမှ Living in New Zealand and not a new arrival – IRD number application ကိုနိုပ်ပြီးသုံးရမှာပါ။
ဒီနည်းနဲ့လျှောက်ရင်တော့ AA insurance ကိုသွားကိုသွားရမှာမို့ တစ်ခါတည်းပဲသွားလျှောက်ဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်အားဖြင့် ၂ ပတ်ဝန်းကျင်လောက်ကြာနိုင်ပါတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ။ မေးလိုတာများ၊ ဖြည့်စွက်ပေးလိုတာများရှိပါက အချိန်မရွေး ပြောလို့ရပါတယ် :)
မှ သွန်းသစ်သူ🌼
Comments
Post a Comment