နယူးဇီလန်မှာ ဘယ်လိုဘဏ်၊ ဘယ်လိုအကောင့်ကို ရွေးချယ်မလဲ? ဘာတွေလိုမလဲ?
နယူးဇီလန် (NZ) ရောက်ရောက်ခြင်း ဖုန်း SIM ကဒ်ဝယ် (ဘယ်လိုရွေးဝယ်ရမလဲဆိုတာဒီမှာနှိပ်ကြည့်ပါ) ပြီးတာနဲ့ ရေရှည်နေလိုသူများအတွက် ဒုတိယလုပ်ဖို့ လိုအပ်တာကတော့ ဘဏ်အကောင့် ဖွင့်တာပဲဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အလုပ်လုပ်တဲ့အခါ လစာကို ဘဏ်ကနေပဲ တရားဝင်ပေးလို့ရပါတယ်။ ဆိုတော့ အကယ်၍ လစာက ဘဏ်ကနေရတာမဟုတ်ပဲ ပိုက်ဆံကို ဒီတိုင်းပေးရင် ဒါဟာတရားဝင်အလုပ်မဟုတ်တာ သေချာပါတယ်။ တရားမဝင်အလုပ်လုပ်ခြင်းအားဖြင့် တရားဝင်ဝန်ထမ်းရဲ့ခံစားခွင့်များ ရရှိမှာမဟုတ်ပါဘူး။
ဘဏ်အကောင့်ဖွင့်ရင် အနည်းဆုံး လိုအပ်မှာတွေကတော့ -
- NZ ဖုန်းနံပါတ်
- NZ လိပ်စာ အထောက်အထား တစ်ခု (Proof of Address, ဥပမာ၊ အခန်းငှားစာချုပ်၊ အိမ်ရှင်က ရေးပေးတဲ့ နံမည်နဲ့ မွေးနေ့ပါတယ့် အမှန်အကန်နေကြောင်း စာတစ်စောင်၊ ကိုယ့်နံမည်နဲ့ လိပ်စာပါတဲ့ ပြင်ပရပေးပေးတဲ့စာ)
- NZ အလုပ် သို့မဟုတ် ကျောင်းအထောက်အထား (ဥပမာ၊ အလုပ်/ကျောင်းကပေးတဲ့ ကမ်းလှမ်းစာ (Offer Letter)၊ အလုပ်စာချုပ်)
- နိုင်ငံကူးလက်မှတ် (Passport)
- ဗီဇာ (Visa)
အထက်ပါအရာတွေမပြည့်စုံရင် ဘဏ်အကောင့်ဖွင့်လို့ မရပါ။
နယူးဇီလန်မသွားခင်၊ သို့မဟုတ် ဘဏ်မဖွင့်ရသေးခင်မှာ ငွေလွဲခြင်းများ၊ ရောက်ရောက်ခြင်း ပစ္စည်းဝယ်တာ စတာတွေအတွက် ဘယ်လို Wise ကို အသုံးပြုရမလဲဆိုတာ ဒီကိုနှိပ်ပြီးဖတ်လို့ရပါတယ်။
အခွန်နံပါတ် (IRD) တောင်းပါလိမ့်မယ်၊ ဒီအဆင့်မလုပ်ရသေးရင် မထည့်လို့ရပါတယ်။ နောက် IRD ဖွင့်ပြီးမှ ပြန်ထည့်ပါ။ IRD မထည့်လို့ရှိရင်တော့ ရသမျှ ဝင်ငွေရဲ့ 33%နှုန်းကို ဘဏ်ကသိမ်းထားမှာဖြစ်ပြီး တစ်နှစ်တစ်ခါ အခွန်ပြန်စစ်တဲ့အချိန်မှ ပိုတဲ့ အခွန်တွေကို ပြန်ပေးမှာ ဖြစ်ပါတယ်။
ဘဏ်တစ်ခုတည်းမှာလဲ အကောင့်ရွေးချယ်စရာအမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် -
- နေ့စဉ်သုံးအကောင့်များ (Everyday accounts) - မရှိမဖြစ်အကောင့် ပုံမှန်အားဖြင့် ဘဏ်တိုးမရှိ
- စုငွေအကောင့်များ (Savings accounts) - ပုံမှန်အားဖြင့် ဘဏ်တိုး 1-3% ဝန်းကျင်လောက် ရပါတယ်။ သို့သော်တစ်လတစ်ခါထုတ်ခွင့်ရှိ သို့မဟုတ် အွန်လိုင်း ကနေပဲ ပိုက်ဆံသုံးလို့ရ စသည်ဖြင့်ကန့်သတ်မှု အမျိုးမျိုးရှိပါတယ်။ ကန့်သတ်ထားတာ ကျော်သွားရင်တော့ ဝန်ဆောင်ခအပိုထပ်ပေးရတာ၊ မှုလလောက် ဘဏ်တိုးမရတာတွေ ဖြစ်တတ်ပါတယ်။
- အချိန်ပိုင်းစုငွေများ (Term deposits) - NZ$ 5,000 သို့ 10,000 အထက်ရှိလို့ စုချင်ရင် စဥ်းစားလို့ရပြီး စုရမယ့် အချိန်ကတော့ ရက် ၃၀ မှ ၅ နှစ်အထိ အမျိုးမျိုးရှိပါတယ်။ ကန့်သတ်ထားတာလုပ်နိုင်ရင်တော့ ပုံမှန်အားဖြင့် ဘဏ်တိုး 3-5% လောက်ရနိုင်ပါတယ်။
ဒီအကောင့်တွေအပြင် အခြားအကောင့်မျိုးလဲ ရှိပါသေးတယ်။ တစ်ချို့အကောင့်တွေကပဲ အခမဲ့သုံးလို့ရပြီး များသောအားဖြင့် လစဥ်ကျေးပေးဖို့လိုပါတယ်။ ဘယ်အကောင့်မဆို မဖွင့်မှီသေချာပြန်လေ့လာပါ။ ဘဏ်တိုးတွေ လိုအပ်တာတွေ ကန့်သပ်မှုတွေက မကြာခဏပြောင်းတတ်ပါတယ်။
ဒီစာအတွင်းမှာတော့ နေ့စဥ်သုံးအကောင့်များကိုပဲ အခြေခံ မိတ်ဆက်ပေးမှာဖြစ်ပြီး ကျမ သုံးဖြစ်တဲ့ မတူတဲ့ အကောင့် တစ်ချို့ကိုပဲ အနည်းအကျဥ်း ပြောပြပါ့မယ်။
ဘဏ်ကဒ်ရရင်လဲ ဝယ်စရာရှိရင် အမြဲဆောင်သွားပါ။ NZ မှာက ဆိုင်ခွဲရှိတဲ့ ဆိုင်ကြီးတွေမှာသာ မထိတွေ့တဲ့ ပိုက်ဆံပေးနည်း (Contactless, ဥပမာ၊ ဖုန်း၊ Apply Pay၊ Samsung Pay စသည့် payWave) ကို အခမဲ့အသုံးပြုနိုင်ပါတယ်။ ဆိုင်သေးတွေ၊ အထူးသဖြင့် စားသောက်ဆိုင် တော်တော်များများမှာ စက်ထဲကို ကဒ်ထည့်သုံး (Insert card) မှသာ 2.5% ဝန်ဆောင်မှုပေးရန်မလိုမှာ ဖြစ်ပါတယ်။
NZ မှာရှိတဲ့ အဓိက ဘဏ်တွေကတော့ --
၁။ Kiwibank
Kiwibank က ဘဏ်ခွဲအများဆုံးရှိတဲ့ ဘဏ်ပါ။ များသောအားဖြင့် စာတိုက် (NZ post) နဲ့ တွဲဖွင့်တတ်ကြပါတယ်။ အထူးသဖြင့် နယ်ဘက်မှာလဲ ဘဏ်ခွဲရှိတာကြောင့် နယ်မှာ အလုပ်လုပ်မယ့်သူတွေအတွက် ပိုပြီးအဆင်ပြေပါတယ်။ နေ့စဉ်သုံးအကောင့်က လစဥ်ကျေးမလိုပါ။
နောက်တစ်ချက်က Kiwi Bank က NZ ဖုန်းနံပါတ်ရှိရုံနဲ့ ဘဏ်အကောင့်ကို အွန်လိုင်းပေါ်မှာ ဖွင့်နိုင်ပြီး (ဖုန်းထဲကို စာ (message) ပို့လာပါ့မယ်)၊ ဘဏ်အကောင့်နံပါတ် ကို ချက်ချင်းရတဲ့အတွက် IRD ကိုလဲ ချက်ချင်းလျှောက်လို့ရပါတယ်။ ပြီးတော့မှ ဘဏ်ခွဲသွားပြီး စီစစ်ရေး (verification) လုပ်ရမှာပါ။ အလုပ်အတွက် အလျှင်လိုရင် အသင့်တော်ဆုံးပါ။
ကျန်တဲ့ဘဏ်တွေက အွန်လိုင်းမှာလျှောက်ပြီးရင် ဘဏ်ခွဲသွားပြီး စီစစ်ရေး လုပ်ပြီး ၂ - ၅ ရက်လောက်မှ ဘဏ်အကောင့်နံပါတ်ရပါတယ်။
ဒါပေမယ့် အဓိကလိုအပ်ချက်ကတော့ ပိုက်ဆံထုတ်စက် (ATM) သိပ်မရှိတာကြောင့် တစ်ခြားဘဏ်မှာ ပိုက်ဆံထုတ်ရင် ဝင်ဆောင်ခ ပေးရပါလိမ့်မယ်။ဒါကြောင့် ပိုက်ဆံပဲ ကိုင်သုံးများတဲ့သူများအတွက်တော့ သိပ်အဆင်မပြေပါ။
Kiwi Bank ရဲ့စုငွေအကောင့် ကလစဥ်ကျေးမလိုဘူးလို့တော့တွေ့တယ် စိတ်ဝင်စားရင် လေ့လာကြည့်ပါ။ အခုလက်ရှိဘဏ်တိုးထဲမှာ မဆိုးတော့ဘူးလို့ ပြောလို့ရပါတယ်။
ANZ က ပိုက်ဆံထုတ်စက် (ATM) အများဆုံးရှိတဲ့ဘဏ်ပါ။ ဘဏ်ခွဲတွေက မြို့မှာပိုများပါတယ်။ ဖုန်းApp ကလည်း သုံးရတာ အဆင်ပြေပါတယ်။ နိုင်ငံခြားကငွေလွဲချင်ရင် အမေးအမြန်းနည်းတယ်လို့ ကြားဖူးပါတယ်။ ကျောင်းသားတွေအတွက် ANZ Jumpstart account ရှိပြီး သာမန်အသုံးပြုသုံးများ ANZ Go account ၂ မျိုးလုံးက လစဥ်ကျေးမလိုပါ။
ANZ နေ့စဉ်သုံးအကောင့်များ (Everyday accounts) July 2025
ANZ ရဲ့ စုငွေအကောင့် ၂ ခုလုံးကလဲ လစဥ်ကျေးမလိုတော့ စိတ်ဝင်စားရင် လေ့လာကြည့်ပါ။ ကျမအရင် အကောင့်ဖွင့်တုန်းကတော့ အတိုးပိုကောင်းတယ်။ အခုရေးမှပြန်ကြည့်တော့ အရင်လောက်မရတော့ဘူး။
ASB ကလဲ နေ့စဉ်သုံးအကောင့် အတွက် လစဥ်ကျေးမလိုပါ။ ကျောင်းသားတွေနဲ့ရွေ့ပြောင်းလာသူများအတွက် မိတ်ဆက်အကောင့် (introductory account) ရှိတယ်လို့ တွေ့ဘူးပင်မယ့်လဲ အသေးစိတ်ရှာမတွေ့ဘူး။ သိတဲ့သူများရှိရင် ဖြည့်စွက်ပေးလို့ရပါတယ်။ ဒါပေမယ့် အကောင့်လုပ်ရတာမြန်တယ်လို့ တော်တော်များများပြောတာ ကြားဘူးပါတယ်။
BNZ နေ့စဉ်သုံးအကောင့် (Everyday account) နှင့် စုငွေအကောင့် (Savings account) July 2025
တစ်ခြားဘဏ်တွေလဲရှိပါသေးတယ်။ လက်လှန်းမှီသလောက် အတွေ့များတဲ့ ဘဏ်တွေပဲ အဓိက မိတ်ဆက်ပေးလိုက်ပါတယ်။
အကောင်းဆုံးကတော့ ကိုယ်နေမယ့်မြို့ကို သေချာပြီဆိုရင် ဘယ်ဘဏ်တွေရှိလဲ အရင်လေ့လာပါ။ ရှိတဲ့ဘဏ်ထဲကမှ ကိုယ်နဲ့ သင့်တော်တဲ့ဘဏ်ကို ရွေးချယ်ပါလို့ အကြံပြုချင်ပါတယ်။
ပြီးတော့ NZ က ဘဏ်ခွဲတိုင်းရဲ့ ဖွင့်ချိန်က သိပ်မတူပါ။ ကိုယ်သွားမယ့် ဘဏ်ခွဲအချိန်ကို လေ့လာပြီးမှ သွားပါ။ အထူးသဖြင့် နယ်ဘက်တွေမှာ ၁ ပတ် ၂ ရက်ဖွင့်တာမျိုးလဲ ရှိပါတယ်။
Comments
Post a Comment