နယူးဇီလန်မှာ နေဖို့နေရာဘယ်လိုရှာမလဲ? ဘာတွေသတိထားရမလဲ?
လူတွေအများစုက TradeMe ကနေ အိမ်ငှားလို့ရမယ်လို့သိကြပြီး ဒီကဖုန်းနံပါတ် မရှိလို့အိမ်ငှားတဲ့ အခါမှာ အခက်အခဲရှိတာတွေ့လို့ ကျမသိတဲ့နည်းနဲ့ အိမ်ငှားတဲ့အခါ သတိထားရမယ့် အချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။
၁။ Facebook
ကိုယ်နေမယ့်မြို့နံမည်နဲ့ "rent" (အိမ်ငှား)၊ "flatmate" (အခန်းဖော်)၊ "accommodation" (နေစရာ) စတဲ့စာလုံးတွေနဲ့ တွဲရှာပြီး "Group" မှာရှာလိုက်တာနဲ့ အဖွဲ့တွေတွေ့နိုင်မှာဖြစ်ပြီး အဲ့ထဲမှာက အိမ်ရှင်ကိုယ်တိုင် ငှားကြတာများပါတယ်။ အောက်ကပုံကတော့ ဥပမာအနေနဲ့ "Auckland accommodation" ဆိုပြီးရှာထားတာဖြစ်ပြီး အဖွဲ့တွေအများကြီးကိုတွေ့ရမှာပါ။
ဒီလိုနေရာမှာငှားတာရဲ့ ကောင်းကျိုးကဖုန်းနံပါတ်တွေဘာတွေမလိုပါဘူး။ ကိုယ့်အကျိုးနဲ့အကြောင်းပြောပြတာနဲ့ သေချာတယ်ဆိုငှားလို့ရပါတယ်။ ပြီးတော့ အိမ်၊ အိမ်ရှင် သို့မဟုတ် အခန်းဖော် အခြေအနေကို မသိတော့ ဘယ်နှပတ် အရင်ငှားမယ်၊ အဆင်ပြေရင် ရေရှည်ငှားမယ်လို့ ပြောထားလို့ရပါတယ်။
ကိုယ်လိုချင်တဲ့နေရာ၊ အခြေအနေ မတွေ့မိရင် ကိုယ်တိုင်မိတ်ဆက်ပြီး လိုအပ်တာတွေပြောလို့ရပါတယ်။ တစ်ချို့အိမ်ရှင်တွေက အိမ်ပုံမတင်ချင်တော့ ဒီလိုမျိုးတင်ရင် ကိုယ်တိုင်လာမေးတတ်ပါတယ်။ အောက်ကပုံကတော့ မိတ်ဆက်စာပုံစံလေးပါ။ အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ဓါတ်ပုံလေးကိုပါ တွဲတင်ပေးပါ။ ယုံကြည်မှု ပိုရှိနိုင်ပါတယ်။
ဒီလိုမျိုးငှားတာက ပိုပြီးပေါ့ပေါ့ပါးပါး (casual) ဖြစ်တာမို့ တစ်ချို့အိမ်ရှင်တွေက အိမ်ငှားစာချုပ် (Tenancy Agreement) မရှိတာတွေဖြစ်တတ်ပါတယ်။ ကိုယ်ကလက်ခံနိုင်တယ်၊ ဆက်သွယ်တဲ့အချိန်မှာ ယုံကြည်မူရှိတယ်ဆိုရင် မထိုးရင်လဲရပါတယ်။ အထူးသဖြင့် အခန်းတစ်ခန်းပဲ အခန်းဖော်နဲ့ငှားနေတာဆိုရင်တော့ ဒါမျိုးပဲများပါတယ်။
ဒါပေမယ့် ကိုယ်ကပိုပြီးသေချာချင်တယ်၊ စိတ်ချရချင်ရင်တော့ လက်မှတ်ထိုးနိုင်ပါတယ်။ အိမ်ရှင်က မသိဘူးပြောရင် ဒီကိုနှိပ်ပြီး နယူးဇီလန်ဥပဒေနဲ့ညီတဲ့ အိမ်ငှားစာချုပ်တွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ် ဒေါင်းလုပ်ဆွဲနိုင်ပါတယ်။
ကျမကိုယ်တိုင် ဒီနည်းကိုအသုံးပြုပြီး အိမ်ရှာခဲ့ပုံ၊ ဒီလိုနည်းနဲ့ရှာရင် သိထားသင့်တဲ့ ကောင်းကြိုး၊ ဆိုးကြိုး စတာတွေကို ဒီမှာဖတ်ကြည့်နိုင်ပါတယ်။
၂။ ကျောင်းမှမေးမြန်းခြင်း
ကျောင်းတွေမှာ နေစရာဝန်ဆောင်မှုရုံးခန်း (Accommodation Office) ရှိတတ်ပြီး မရောက်ခင်ကတည်းက အရင်မေးကြည့်လို့ရပါတယ်။ ကျောင်းရဲ့ ကွန်ရက်နေရာ (website) မှာလဲ နေစရာ "accommodation" လို့ရှာလိုက်တာနဲ့ သက်ဆိုင်ရာ အကြောင်းအရာတွေတွေ့နိုင်မှာပါ။ အောက်ပါပုံကတော့ ကျမ အော်ကလန်တက္ကသိုလ် (The University Of Auckland) မှာ အစမ်းရှာလို့ရတဲ့ပုံဖြစ်ပါတယ်။
၃။ အိမ်ပွဲစား သို့မဟုတ် အိမ်ငှားကိုယ်စားလှယ်မှတစ်ဆင့် မေးမြန်းခြင်း
TradeMe မှာ တင်ထားတဲ့ အိမ်အများစုဟာ အိမ်ပိုင်ရှင်ကိုယ်တိုင်ထက် အိမ်ငှားကိုယ်စားလှယ် (Property Manager ) တွေကတစ်ဆင့် ငှားရမ်းတာ ပိုများပါတယ်။ မိသားစုနဲ့လာပြီး တစ်အိမ်လုံးငှားမယ်ဆိုရင် ဒီလိုမျိုးရှာတာ ပိုလွယ်ကူနိုင်ပါတယ်။ ကိုယ့်မှာ နယူးဇီလန်ဖုန်းနံပါတ် မရှိသေးတဲ့အခါ အောက်ပါနည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်ပါတယ် -
Email မှတစ်ဆင့် ဆက်သွယ်ခြင်း: TradeMe ဒါမှမဟုတ် အိမ်ခြံမြေ ကွန်ရက်စာမျက်နှာ (Website) တွေမှာ အိမ်ငှားကိုယ်စားလှယ်ရဲ့ အီးမေးလ်လိပ်စာ ပါလေ့ရှိပါတယ်။ ဖုန်းမဆက်နိုင်သေးခင်မှာ ကိုယ့်ရဲ့ အခြေအနေ (ဥပမာ- နယူးဇီလန်ကို ဘယ်နေ့ရောက်မယ်၊ ဗီဇာအမျိုးအစား၊ ဘယ်နှစ်ယောက်နေမှာလဲ စသည်ဖြင့်) ကို သေချာရေးသားပြီး အီးမေးလ်ပို့ထားလို့ ရပါတယ်။
Property Management ကုမ္ပဏီများ၏ Website တွင် တိုက်ရိုက်ရှာဖွေခြင်း: ဥပမာ - Ray White, Harcourt, Barfoot & Thompson, Quinovic စတဲ့ နာမည်ကြီး အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတွေရဲ့ ကွန်ရက်စာမျက်နှာ (Website) တွေမှာ တိုက်ရိုက်ဝင်ရောက် ကြည့်ရှု မေးမြန်းနိုင်ပါတယ်။
အိမ်ပွဲစားနှင့် ငှားရမ်းပါက သိထားသင့်သည့် အချက်များ -
လုပ်ထုံးလုပ်နည်း စနစ်ကျခြင်း: အိမ်ငှားကိုယ်စားလှယ်နဲ့ ငှားရင် အိမ်ငှားစာချုပ် (Tenancy Agreement) ချုပ်ဆိုခြင်း၊ စရံငွေ (Bond) အပ်နှံခြင်းနဲ့ အိမ်ပြုပြင်ထိန်းသိမ်းမှုတွေကို နယူးဇီလန်ဥပဒေအတိုင်း စနစ်တကျ ဆောင်ရွက်ပေးပါတယ်။
ထောက်ခံစာ (Reference) လိုအပ်ခြင်း: သူတို့ကတစ်ဆင့် ငှားမယ်ဆိုရင် ယခင်အိမ်ငှားခဲ့ဖူးတဲ့ မှတ်တမ်း ဒါမှမဟုတ် အလုပ်ရှင်ထံမှ ထောက်ခံစာ (Reference) တွေ တောင်းတတ်ပါတယ်။ ကိုယ်က အသစ်ရောက်ခါစဆိုရင်တော့ ကျောင်းကထောက်ခံစာ ဒါမှမဟုတ် ကိုယ့်ကို အာမခံပေးနိုင်မယ့်သူ (Referees) ရှိဖို့ လိုအပ်နိုင်ပါတယ်။
စည်းကမ်းလိုက်နာရန် လိုအပ်ခြင်း: ကိုယ့်ဘက်က စနစ်ကျတဲ့ ဝန်ဆောင်မှု ရရှိသလို အိမ်ကိုလည်း စနစ်တကျ ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ (ဥပမာ- မြန်မာဟင်းချက်ရင် အနံ့စွဲတတ်တာမျိုးကြောင့် လိုက်ကာနဲ့ ပရိဘောဂတွေကို သတိထား ထိန်းသိမ်းရပါမယ်။) အိမ်ငှားကိုယ်စားလှယ်တွေကလည်း အိမ်အခြေအနေကို ပုံမှန်အားဖြင့် ၃ လတစ်ကြိမ် လာရောက်စစ်ဆေးတတ်ပါတယ်။
အခြားသိစရာတွေကတော့ဒီကဥပဒေအရ ငှားတဲ့အိမ်တွေက ကျန်းမာသောအိမ်စံနှုန်းများ (Healthy Homes Standards) နဲ့ ကိုက်ညီရပါမယ်။ ကျန်းမာသောအိမ်စံနှုန်းမှာ ဘာတွေအဓိကပါလဲဆိုတော့ -
- အပူပေးစက် (Heating) - အနည်းဆုံး ဧည့်ခန်းမှာ နံရံကတ် အပူပေးစက် (Heat Pump or Heater) တစ်လုံးပါရပါမယ်။ ရွေ့လို့ရတဲ့ အပူပေးစက်နဲ့ မလုံလောက်ပါဘူး။
- အပူအအေးကာ (Insulation) - အနည်းဆုံး မျက်နှာကျက် (ceiling) နဲ့ ကြမ်းပြင် (underfloor) မှာ ရှိရပါမယ်။
- လေဝင်လေထွက် (Ventilation) - အခန်းတိုင်းမှာ ပြတင်းပေါက်အနည်းဆုံးတစ်ခုရှိရပါမယ်။ မီးဖိုချောင်နဲ့ ရေချိုးခန်းမှာလေထုတ်ပန်ကာ (extractor fan) ရှိရပါမယ်။
- အစိုဓာတ်နှင့် ရေနုတ်မြောင်း (Moisture & Drainage) - အိမ်အောက်နဲ့ အိမ်ပတ်ဝန်းကျင်မှာ ရေမစိုအောင် ရေနုတ်မြောင်း စနစ်တကျရှိဖို့လိုပါတယ်။
ဒါတွေမရှိရင် သို့မဟုတ် ပျက်စီးသွားရင် အိမ်ရှင်ကို တောင်းဆိုလို့ရပါတယ်။
အခြားသတိထားရမယ့်အချက်တွေကတော့ -
- အခန်းအတွက်စရံ (Bond) ကို စာချုပ်ထဲမှာ ထည့်ရေးပါ။ ဘယ်လောက်ပေးရမလဲဆိုတာလဲပြန်စစ်ပါ။
- မီးဖိုး (Power bills)၊ အင်တာနက်ဖိုး (Internet bills) စတာတွေ ပါမပါ၊ အထူးသဖြင့် အခန်းဖော်နဲ့ခွဲငှားတယ်ဆိုရင် ဘယ်လိုပေးမလဲ သေချာပြောပါ။
- ပရိဘောဂအကုန်ပါ (Fully Furnished)၊ ပရိဘောဂအချို့ပါ (Partly Furnished)၊ ပရိဘောဂမပါ (Unfurnished) လား၊ ဘာပရိဘောဂတွေပါလဲ၊ မီးဖိုချောင်သုံးပစ္စည်း၊ အိပ်ခန်းသုံးပစ္စည်းပါမပါကအစ မေးမြန်းလို့ရပါတယ်။
- အိမ်ထဲကိုမဝင်ခင်မှာ ဗီဒီယို/ဓာတ်ပုံတွေရိုက်ထားပါ။ အပူပေးစက်၊ စက်အမျိုးမျိုး၊ မီးခလုတ်စတဲ့အရာတွေအားလုံးကို စမ်းဖွင့်ကြည့်ပါ။
ဒီကဥပဒေအရလဲ အိမ်ပိုင်ရှင် သို့မဟုတ် အိမ်ငှားကိုယ်စလှယ်က အများဆုံး ၃ လတစ်ခါ လာစစ်ဆေးခွင့်ရှိပါတယ်။ မလာခင်မှာတော့ အနည်းဆုံး 48 နာရီကြိုပြောရပါမယ်။
---
ကျမရောက်တုန်းကတော့ ကိုယ်နားမလည်တာတွေ မေးလို့ရအောင်လို့ ဘာသာစကားနားလည်တဲ့သူတွေရှိတဲ့အိမ်မှာ ငှားနေပါတယ်။ ကျမရဲ့ အခန်းဖော်က သဘောကောင်းပြီး သူကရောက်တာကြာပြီမို့ ဒီကအကြောင်းတွေအများကြီးလဲသိခွင့်ရပါတယ်။
တစ်ခြားမြို့ ပြောင်းသွားပြီးနောက်မှာတော့ ကျမ လုပ်ဖော်ကိုင်ဖက်နဲ့အတူ တစ်အိမ်လုံးတွဲငှားဖြစ်ပါတယ်။ သူအလုပ်ကထွက်ပြီးနောက်မှာတော့ ကျမအခန်းကို မတူတဲ့နိုင်ငံကသူတွေကိုလည်း ငှားဘူးပါတယ်။
နောက်ကျတော့ အခန်းဖော်ရှာရတာ အလုပ်ရှုပ်တာနဲ့ အခုတော့ ဒီကဒေသခံကီဝီပိုင်ရှင်နဲ့အတူ အခန်းငှားနေပါတယ်။
မတူတဲ့နိုင်ငံကသူတွေနဲ့ ထိတွေ့တာရဲ့အားသာချက်ကတော့ မတူတဲ့ ယဥ်ကျေးမှုတွေ၊ အမြင်တွေ နားလည်လာတယ်။ မတူတဲ့ဒေသအသီးသီးက စားစရာတွေ စားဖို့ အခွင့်အရေးရှိတယ်။ ဒါပေမယ့် လူတိုင်းရဲ့ ကြီးပြင်းတဲ့ပတ်ဝန်းကျင်က မတူတဲ့အတွက် မတူတဲ့စရိက်တွေကို နားလည်ပေးဖို့ လိုအပ်ပါတယ်။
ကျမအခုသဘောအကျဆုံးကတော့ လက်ရှိဒေသခံအိမ်ပိုင်ရှင်တွေနဲ့ တူတူနေတာပါ။ ဒီနိုင်ငံရဲ့အကြောင်းတွေကို ပိုနားလည်လာတယ်။ ဥပမာ အိမ်ကိုဘယ်လိုနွေးထွေးအောင်ထားမလဲဆိုတာ ကျမအိမ်ရှင်စီက သင်ယူရတာပါ။ မတူတဲ့ ဒီနိုင်ငံကလူတွေနဲ့လဲ ထိတွေ့မိတယ် (အိမ်ရှင်ရဲ့ သူငယ်ချင်း၊ မိသားစု စသဖြင့်ပေါ့)။ အခက်အခဲတွေ့ရင်လဲ မေးလို့ရတယ့်လူရှိတယ်။
ဒါပေမယ့်လည်း လူတိုင်းသိပ်မတူကျပါဘူး။ များသောအားဖြင့် ဖော်ရွေပေမယ့် အိမ်ပိုင်ရှင်က အနှောက်အရှက်ပေးတာ၊ အရက်မူးတာ စတဲ့အတွေ့အကြုံတွေလဲ ကြားဘူးပါတယ်။ ဒါကြောင့် သတိတော့ရှိပါ။ ကိုယ်မကြိုက်တာပြုလာရင် ပြန်ပြောဖို့၊ ပြောင်းသွားဖို့၊ တိုင်ကြားဖို့ကို ဝန်မလေးပါနဲ့။
Comments
Post a Comment