ချမ်းအေး/နှင်းကျတဲ့ဒေသတွေမှာ ဘယ်လိုနွေးထွေးအောင်နေမလဲ?
နွေးအောင်နေတဲ့ အခြေခံသဘောတရားကို အရင်ပြောရရင်တော့ ငှက်တွေက အေးတဲ့အချိန်မှာ အမွေးတွေကို ပွအောင်ထားပြီး ဒီကြားထဲမှာ ထွက်ပေါ်လာတဲ့လေက အအေးဓါတ်ကို ကာကွယ်ပေးတဲ့ အအေးကာ (Insulation) ဖြစ်ပေါ်လာပါတယ်။ သူတို့ရဲ့ အမွေးကလဲ ရေမတင်တဲ့အတွက် အနွေးဓါတ်ကိုပိုပြီး လျော့မကျစေပါဘူး။
ဆိုတော့ အဝတ်အစားဝတ်တဲ့အခါ အထပ်ထပ်ဝတ်နည်း (Layering System) ကို အသုံးပြုချင်းအားဖြင့် အထည်တွေကြားထဲမှာ ရှိတဲ့လေက အအေးကာ ဖြစ်ပြီး ပိုနွေးစေနိုင်ပါတယ်။ ဒါပေမယ့် လေကို ခန္ဓာကိုယ်နဲ့ တိုက်ရိုက်မထိတွေ့စေဖို့လဲလိုပါတယ်။ မဟုတ်ရင်ပိုအေးနိုင်ပါတယ်။
- အခြေခံအလွှာ/အသားကပ်အလွှာ (Base layer) - အပူထွက်အင်္ကျီ (Thermal / Heattech) သို့မဟုတ် ချွေးစုပ်တဲ့အင်္ကျီ ဝတ်နိုင်ပါတယ်။ ဒီအလွှာက အသားနဲ့ကပ်နေမှ ပိုပြီးချွေးစုပ်ပြီး အသားကိုခြောက်သွေ့စေနိုင်မှာပါ။ ခန္ဓာကိုယ်ကို လေမတိုးအောင် အနည်းဆုံး ဒီတစ်ထပ်ကို ဘောင်းဘီထဲ ထည့်ဝတ်ပါ။
- အလယ်အလွှာ (Mid layer) - ဒီအလွှာကို အပူထိမ်းဖို့ သိုးမွှေး၊ ဆွယ်တာအင်္ကျီ၊ အမွှေးပွ စတဲ့ နွေးစေနိုင်မယ့်အသားမျိုး ရွေးချယ်ပါ။
- ပြင်ပအလွှာ (Outer layer) - အနွေးထည်ရဲ့ အပြင်အသားကို လေကာပြီးရေစိုခံတဲ့အသားမျိုးရွေးချယ်ပါ။ အတွင်းဘက်ကို နွေးစေနိုင်တဲ့အသားမျိုးရွေးပါ။ ကျမသဘောအကျဆုံးကတော့ ၂ ထပ်အင်္ကျီကို ၃ မျိုးဝတ်လို့ရတဲ့အနွေးထည် (3 in 1 jacket) ပါ။ ဒါပေမယ့်လည်း ကိုယ်သွားတဲ့ပွဲနဲ့ နေရာမှာမူတည်ပြီး အခြားသင့်တော်တာတွေရွေးချယ်နိုင်ပါတယ်။
- သုံးထပ်လို့အခြေခံပြောပေမယ့်လဲ့ အပူချိန်ပေါ်မူတည်ပြီး အတိုးအလျှော့ လုပ်နိုင်ပါတယ်။
အခြားနွေးစေနိုင်မယ့်အချက်တွေကတော့ -
- ဦးထုပ်နဲ့ခြေစွပ်ဝတ်ပါ။ ဒီနေရာတွေက ခန္ဓာကိုယ်ရဲ့အနွေးဓါတ်တွေ ထွက်တဲ့နေရာမို့ ပိုပြီးဦးစားပေးနွေးထွေးအောင်လုပ်ပါ။
- အလွန်ချမ်းတဲ့အချိန်ဆိုရင် ခြေစွပ်ကို ၂ ထပ်ဝတ်နိုင်ပါတယ်။ ခြေစွပ်ကိုလဲ မစိုစွပ်စေဖို့ သတိပြုပါ။
- လက်အိတ်နဲ့ လည်ပင်းပတ်ပဝါတို့ကိုလည်း လိုအပ်သလိုသုံးပါ။
- ရေစိုခံဖိနပ်၊ ရေစိုခံလက်အိတ်မျိုးရွေးဝယ်ပါ။ အထူးသဖြင့် နှင်းကျတဲ့နေရာတွေမှာဆိုရင် မရှိမဖြစ်လိုအပ်ပါတယ်။
- အပူထွက်အင်္ကျီအသား (Thermal / Heattech) တွေက ချွေးနဲ့ထိတွေ့မှ အပူထွက်တာမို့ အသားနဲ့ကပ်နေဖို့လိုပါတယ်။
- ချည်သားလိုမျိုးအတွင်းခံအဝတ်အစားများကိုရှောင်ပါ။ ဒီအသားတွေက စိုသွားလျှင် ခြောက်ရခက်ပြီး အပူချိန်နိမ့်တဲ့အခါ ပိုပြီးအေးစေပါတယ်။ ဒါကြောင့် အခြောက်မြန်တဲ့အသားကိုရွေးချယ်ပါ။
- တိရစ္ဆာန်အမွှေးအင်္ကျီရွေးတဲ့အခါ စက်နဲ့လျှော်လို့ရလားသတိပြုပါ။ အခုခေတ်မှာတော့ စက်နဲ့လျှော်လို့ရတဲ့ သိုးမွေးအင်္ကျီတွေကို အလွယ်တစ်ကူ ဝယ်နိုင်ပါတယ်။ အောက်မှာတော့ အင်္ကျီတံဆိပ်မှာပါတဲ့ပုံရဲ့ အဓိပ္ပာယ်ကို ထည့်ပေးထားပါတယ်။
ကျမအများဆုံးဝယ်ဖြစ်တာကတော့ Uniqlo ရဲ့ Heattech အမျိုးမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်တစ်ချို့နိုင်ငံ (ဥပမာ NZ) မှာမရှိတာကြောင့် ရှိတဲ့နိုင်ငံသွားတုန်းဝယ်ခဲ့ပါ။ ဒါမှမဟုတ် ကိုယ်ရှိရာနေရာမှာပဲ Thermal / Heattech လို့ရှာပြီးရွေးဝယ်လဲရပါတယ်။
နောက်ထပ်သိစရာတွေကတော့ -
- အပူပေးစက် (Heater)၊ မီးလင်းဖို (Fireplace) သုံးတဲ့အခါ အဝတ်အစားတွေကို အဲဒီ့ပေါ်မှာမလွှားပါနဲ့၊အန္တရာယ် ဖြစ်နိုင်ပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို အနည်းဆုံး ၁ ပေအကွာမှာထားပါ။
- ရေပူကပ်အိတ် (Hot water bottle / Heat Packs)၊ သို့မဟုတ် ဂျုံစေ့အိတ် (Wheat Bags) တွေကိုလည်းဝယ်ယူအသုံးပြုနိုင်ပါတယ်။
- ရေခဲတဲ့ နေရာတွေမှာဆိုချော်လဲလွယ်တာကြောင့် ချော်လဲမလွဲတဲ့ ဖိနပ်အောက်ခြေမျိုးရွေးဝယ်ပါ။
- အိမ်ကို မိုးမရွာတဲ့အချိန်မှာ ပြတင်းပေါက်တွေ ဖွင့်ပေးထားပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ခြင်းဖြင့် ခြောက်သွေ့ ပြီး စိုထောင်းခြင်းကို လျော့ကျစေနိုင်ပါတယ်။
- နေမဆင်းမှီ/အခန်းထဲမှာအပူဓါတ်ရှိချိန်မှာ ပြတင်းပေါက်၊ လိုက်ကာများကိုပိတ်လိုက်ခြင်းဖြင့် နေ့အတွင်းက အပူချိန်ကို ထိမ်းထားနိုင်ပါတယ်။ လိုအပ်ရင် ထိုအချိန်မှာပဲ အပူပေးစက်စဖွင့်ခြင်းဖြင့် မီတာခလဲ သက်သာစေပါတယ်။
- ချမ်းအေးတဲ့ဒေသတွေရဲ့ လိုက်ကာတွေကအပူထိမ်းတဲ့ အသားမျိုးဖြစ်တာကြောင့် လျှော်လို့ရမရပြန်ကြည့်ပါ။
- အေးတဲ့အချိန်မှာကွေးနေချင်းကိုတတ်နိုင်သမျှရှောင်ပြီး လှုပ်လှုပ်ရှားရှားနေပါ။
ကိုယ်သွားမယ့်မြို့ရဲ့ တစ်နှစ်လုံးရာသီဥတုကို weatherspark ကိုနှိပ်ပြီး လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။
မသွားခင်မှာ ဘယ်လောက်အေးလဲသိချင်ရင်တော့ အလွယ်ကူဆုံးနည်းက ရေခဲသေတ္တာကိုဖွင့်ကြည့်တာပါပဲ။
ပုံမှန်အားဖြင့် အအေးခန်း (Fridge) က 3°C မှ 5°C လောက်အထိအေးပြီး အခဲခန်း (Freezer) ကတော့ -15°C မှ -18°C လောက်ထိအေးပါတယ်။ ဒါပေမယ့် အပြင်မှာလေတိုက်တဲ့အခါ လေကြောင့် ပိုအေးတယ်လို့ ခံစားရမှာမို့ 3°C မှ 5°C ဆိုရင် အပြင်မှာ 8°C မှ 10°C, -15°C မှ -18°C ဆိုရင် အပြင်မှာ -10°C မှ -13°C လောက်နဲ့ညီမျှနိုင်ပါတယ်။
18 Aug 2025
Comments
Post a Comment