ဘယ်နိုင်ငံမှာ ဘာအလုပ်ရှာရှာ အရင်ပြင်ဆင်ရမဲ့ မိတ်ဆက်စာ (Cover Letter) နဲ့ ကိုယ်ရေးအကျဥ်း (Curriculum Vitae, CV သို့မဟုတ် Resumé) ကို မိတ်ဆက်ပေးထားပါတယ်။ ဒီစာကို မရေးခင် အလုပ်ရဖို့အခွင့်အရေးများအောင် ဘယ်လိုလုပ်မလဲဆိုတာကို ဒီကိုနှိပ်ပြီး အရင်ဖတ်ဖို့ အကြံပြုချင်ပါတယ်။
၁။ မိတ်ဆက်စာ (Cover Letter)(Source: Seek.com)
ဒီနေရာကိုနှိပ်ပြီး မိတ်ဆက်စာ နမူနာ (Template)ကို ဒေါင်းလုပ်အရင်ဆွဲပြီး အောက်မှာ ရေးသားထားတဲ့စာများနဲ့ တွဲကြည့်ပါ။
မိတ်ဆက်စာဆိုတာ ကိုယ်အလုပ်ရှာတဲ့အခါမှာ အလုပ်လျှောက်ရာ ကွန်ရက်နေရာ (Website) သို့မဟုတ် ကိုယ်အလုပ်ရှာတဲ့ ကုမ္ပဏီကို အီးမေးလ်စာပို့တဲ့အခါ မိမိကိုယ်ကို မိတ်ဆက်ရမည့်စာပါ။
မိတ်ဆက်စာဟာ ကိုယ်ရေးအကျဥ်းနဲ့ထပ်တူ အရေးကြီးပါတယ်။ မိတ်ဆက်စာမရေးခင် အလုပ်လျှောက်မဲ့ကုမ္ပဏီအကြောင်းကို အင်တာနက်မှာ အရင်လက်လှမ်းမှီသလောက် လေ့လာပါ။ ကုမ္ပဏီတိုင်းကိုဆင်တူမပို့ပဲ အလုပ်ရှာရာ ကုမ္ပဏီနဲ့ အလုပ်ကို ဘယ်လောက်နားလည်လဲ ကုမ္ပဏီနဲ့ မိမိကြားမှာ ဘယ်လိုအကျိုးရှိနိုင်တယ် ဆိုပြီး နှစ်ဘက်လုံးအတွက်ရေးပေးနိုင်မှ နောက်တစ်ဆင့်အနေနဲ့ ကိုယ်ရေးအကျဥ်းကို ကြည့်ချင်လာမှာဖြစ်ပါတယ်။ ကိုယ်ရေးအကျဥ်းကို ရေးနိုင်တာ သိပ်မကွာပေမဲ့၊ မိတ်ဆက်စာကို ထိထိမိမိရေးနိုင်ရင် အခွင့်အရေး အများကြီးတိုးလာနိုင်ပါတယ်။
သို့သော်ကုမ္ပဏီဘက်မှာလဲ လူတစ်ယောက်အတွက်ကို အချိန်အများကြီး ပေးမကြည့်နိုင်ပါ။ ထို့ကြောင့် စာကို အလွန်ရှင်းလင်းပြီး တိကျတဲ့အကြောင်းအရာသာရေးသင့်ပါတယ်။ မိမိဘာအလုပ်အတွက်လျှောက်ထားတာလဲ၊ ဘာကြောင့်အဲ့အလုပ်မှာအလုပ်လုပ်ချင်တာလဲ၊ ကိုယ့်မှာဘယ်လိုအတွေ့အကြုံ၊ အရည်အချင်းရှိလဲ၊ အဲ့အလုပ်အတွက် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာများကို အကြောင်းအရာတစ်ခုစီအနေနဲ့ တစ်ပိုဒ်စီ ၃ ကြောင်းမှ ၅ ကြောင်းအတွင်း အရေးကြီးဆုံးအချက်အလက်များသာရေးသင့်ပါတယ်။
ကိုယ့်မှာ ကိုယ်အလုပ်ရှာတဲ့နိုင်ငံရဲ့ အလုပ်လုပ်ခွင့် ဗီဇာရှိရင်ထည့်ရေးပါ။ အလုပ်လုပ်ခွင့်မရှိတဲ့ အလည်ဗီဇာတို့ လုံးဝမရှိတာတို့ဆိုရင် ဗီဇာအကြောင်းကို လုံးဝမရေးပါနဲ့။ သူတို့ကိုယ့်ကို စိတ်ဝင်စားလို့ ကိုယ်တွေ့စစ်ဆေးခြင်း (Interview) လုပ်မှ လိုအပ်တာပြောပါ။
မိတ်ဆက်စာထဲမှာ မိမိရဲ့ ကိုယ်ရေးအကျဥ်း ကို “attached” ထည့်လုပ်ထားတယ်ဆိုတာ (သို့မဟုတ်) “Please see attached CV.” ဆိုပြီး ပြောရပါမယ်။ မိတ်ဆက်စာကို အီးမေးလ်စာထားမှာ ထည့်ရေးရုံမက PDF file နဲ့ ထပ်ထည့်ပေးရင် ပိုကောင်းပါတယ်။
၂။ ကိုယ်ရေးအကျဥ်း (Curriculum Vitae, CV သို့မဟုတ် Resumé ) (Source: Seek.com)
ဒီနေရာကိုနှိပ်ပြီး ကိုယ်ရေးအကျဥ်းနမူနာ (Template)ကို ဒေါင်းလုပ်အရင်ဆွဲပြီး အောက်မှာ ရေးသားထားတဲ့စာများနဲ့ တွဲကြည့်ပါ။
ကိုယ်ရေးအကျဥ်းကို မိတ်ဆက်စာလိုမျိုး ကုမ္ပဏီတစ်ခုခြင်းစီ အားလုံးပြန်ပြင်ဖို့မလိုပင်မယ့် ကိုယ်လျှောက်တဲ့
အလုပ်ပေါ်မှာ မူတီပြီးအနည်းနဲ့အများ ပြန်ပြင်ဖို့လိုပါတယ်။
အဓိကပါရမဲ့ အချက်အလက်တွေကတော့ -
- ကိုယ်ရေးအကျဥ်း (နံမည်၊ အီးမေးလ်လိပ်စာ၊ ဖုန်းနံပါတ်၊ လိပ်စာ၊ အလုပ်လုပ်ခွင့်ဗီဇာ) Personal detail (Name, email, phone number, address, valid work visa)
အလုပ်လျှောက်ရာနိုင်ငံရဲ့ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ လိပ်စာတွေရှိရင် ဒါတွေကိုထည့်ပါ။
- အကျဥ်းချုပ် Summary - ကိုယ့်ကို စိတ်ဝင်စားအောင် တိုရင်းလိုရှင်း ၃ ကြောင်းမှ ၅ ကြောင်း ကိုယ်ရှာတဲ့အလုပ်အတွက် ဘာလုပ်နိုင်လဲ၊ ဘာအရည်အချင်းရှိလဲရေးပါ။
- အလုပ်သမိုင်း Career history
လုပ်ခဲ့တဲ့အချိန်နဲ့ နိုင်ငံကိုထည့်ရေးပါ။ ကိုယ်ရှာရာအလုပ်နဲ့ အသက်ဆိုင်ဆုံး အလုပ်ကို ဦးစားပေးရေးပါ။ ကိုယ်ရှာရာအလုပ်နဲ့ အရင်ကအလုပ်နဲ့ သိပ်မကွာဘူးဆိုရင်တော့ အချိန်အနီးဆုံးမှ အဝေးဆုံးအထိရေးပါ။
ကိုယ်ရှာရာအလုပ်နဲ့ အရင်ကအလုပ်နဲ့ သိပ်မကွာဘူးဆိုရင်တောင်မှ ကုမ္ပဏီတိုင်းမှာဖြေရှင်းရမယ့် ပြဿနာက တူချင်မှတူပါလိမ့်မယ်။ ထို့ကြောင့် လျှောက်မဲ့ကုမ္ပဏီက ဖြေရှင်းရမည့် ပြဿနာပေါ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ဦးစားပေးရေးပါ။
ဥပမာ စက်ပြင်ဆရာ (Mechanic) အလုပ်ရှာတယ်။ ရိုးရိုးအိမ်ကားပြင်တာ၊ ဒီဇယ်ကားကြီးတွေပြင်တာ၊ ဆိုင်ကယ်ပြင်တာ စသဖြင့် လိုအပ်တာခြင်းကွဲပြားနိုင်ပါတယ်။ ထို့ကြောင့် အလုပ်ကြော်ငြာမှာ ဒီဇယ်ကားကြီးတွေပြင်တာကို ခေါ်တယ် ဆိုရင်တော့ ဒါနဲ့သက်ဆိုင်တဲ့အကြောင်း ဦးစားပေးရေးပါ။
ဒါပေမယ့် ကိုယ်မှာရှိတဲ့ အခြားအတွေ့အကြုံလဲ နောက်ဆုံးတစ်ကြောင်းအနေနဲ့ထည့်ရေးပါ။ အသုံးကျရင်ကျနိုင်ပါတယ်။ ဥပမာ ကုမ္ပဏီ တစ်ခုက ဒီ ၃ မျိုးလုံးနဲ့ သက်ဆိုင်ရာအလုပ်တွေရှိတယ်၊ ဒါပေမယ့် ကြော်ငြာတင်တဲ့အချိန်မှာ ၁ မျိုးပဲလိုလို့ ၁ မျိုးပဲရေးထားတယ်။ ဒါပေမယ့် ကိုယ်က အခြား ၁ မျိုးထဲ တက်တဲ့သူနဲ့စာရင် နောက် ၂ မျိုးလဲ တတ်တယ်ဆိုရင် အခွင့်အရေးပိုများနိုင်ပါတယ်။
ဥပမာ ကိုယ်အခု ဘွဲ့လွန်တက်နေတယ်။ စာရင်းကိုင်ပိုင်းဆိုင်ရာမှာ အတွေ့အကြုံအများကြီးရှိတယ်။ သို့သော် ကွန်ပြူတာပိုင်းဆိုင်ရာအလုပ်ရှာချင်တယ်၊ ဒါဆိုရင် ကိုယ်လုပ်ခဲ့တဲ့၊ သင်ခဲ့တဲ့ အရာတွေထဲကမှ ကွန်ပြူတာနဲ့ သက်ဆိုင်ရာကို အသားပေးဖော်ပြပါ။
သို့မဟုတ် လက်ရှိအခြေအနေအရ စားသောက်ဆိုင်မှာ အချိန်ပိုင်း အလုပ်ရှာချင်တယ်။ ဒါဆိုရင် စာရင်းကိုင်ပိုင်းဆိုင်ရာအလုပ်တွေကို အဓိကထည့်မယ့်အစား ကိုယ်အရင်တုန်းက လုပ်ခဲ့တဲ့ အသက်ဆိုင်ဆုံးအလုပ်ကိုထည့်ပါ။ စာရင်းကိုင် အလုပ်ကိုတော့ တစ်ခုလောက်ထည့်ပြီး ကုမ္ပဏီလိုအပ်ရင် အသုံးပြုနိုင်အောင် ပြပေးရင်ရပါပြီ။
အလုပ်မရှိသေးဘူးဆိုရင်တော့ လုပ်အားပေးအလုပ်များ (Volunteer)၊ ကျောင်းမှာလုပ်ခဲ့တဲ့ သက်ဆိုင်ရာစီမံကိန်း (Project) တွေရေးပေးပါ။
ကိုယ်သင်ခဲ့ရာ ပညာရေးထဲကမှ ပုံမှန်ဆိုရင်တော့
အမြင့်ဆုံးမှ အနိမ့်ဆုံးအထိရေးပါ။ ကိုယ်ရှာတဲ့ အလုပ်က သိပ်မတူဘူးဆိုရင်တော့ သက်ဆိုင်ရာကို အရင်ရေးပါ။ ကိုယ်က ဘွဲ့လွန်ရပြီး အချိန်ပိုင်း စားသောက်ဆိုင်အလုပ်ခဏရှာမယ်ဆိုရင်တော့ သိပ်အများကြီး ထည့်မရေးတာအကောင်းဆုံးပါ။
- အဓိက ကျွမ်းကျင်မှု Key skills
ကိုယ်ရှာနေတဲ့အလုပ်မှာ
တင်ထားတဲ့ကြော်ငြာထဲကမှ ကိုယ်လုပ်နိုင်တဲ့ကျွမ်းကျင်ရာများကို ထည့်ရေးပါ။ အလုပ်နဲ့ သက်ဆိုင်တဲ့
နည်းပညာကျွမ်းကျင်မှု (hard skill) နဲ့
လူမှုဆိုင်ရာကျွမ်းကျင်မှု (soft skill) ၂ မျိုးလုံးကိုထည့်ရေးပါ။
ရေးတဲ့အချိန်မှာလဲ အလုပ်ရှင်နားလည်နိုင်မယ့်နည်းနဲ့ရေးပါ။ ဥပမာ ဘာသာစကားကျွမ်းကျင်ရာတွင် English (C1)၊ Japanese (N3) လို့ရေးရင် ဘယ်လောက်အဆင့်ရှိလဲဆိုတာ ဒီအဆင့်တွေကို မရင်းနီးတဲ့သူများအတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် Basic (အခြေခံ)၊ Conversational (စကားပြောဆိုနိုင်)၊ Fluent (ကျွမ်းကျင်)၊ Native (ဒေသခံ) ဆိုပြီး ထည့်ရေးပေးပါ။ ဥပမာ English - Fluent (C1), Japanese - Conversational (N3) လို့ရေးနိုင်ပါတယ်။
- အရင်အလုပ် သို့မဟုတ် ကျောင်းမှ ထောက်ခံစာ References
ထောက်ခံစာကို တပါးတည်းထည့်ပေးတာက အကောင်းဆုံးပါ။ စာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထောက်ခံနိုင်သူရဲ့ နံမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာထည့်ပေးပါ။ မရမှသာ တောင်းရင်ပေးမယ် "Available on Request" ဆိုပြီးရေးပါ။ ရနိုင်ရင်တော့ အလုပ်လျှောက်ရာနိုင်ငံရဲ့ သက်ဆိုင်အလုပ်ရှိတဲ့ဒေသခံက ရေးပေးရင် အကောင်းဆုံးပါ။ မရရင်တော့ အခြားနိုင်ငံက သက်ဆိုင်ရာအလုပ်စီက ထောက်ခံစာယူပါ။
ထောက်ခံစာကို အကောင်းဆုံးကတော့ အလုပ်တစ်ခုပြီးတိုင်း ကြိုတောင်းတာက အသင့်တော်ဆုံးပါ။ မတောင်းဖူးရင်တော့ အလုပ်လျှောက်တဲ့အချိန်မှာ အရင်ကုမ္ပဏီကို ဘယ်လိုအလုပ်မျိုးရှာနေတယ်၊ ကိုယ်အရင်အလုပ်ထဲကမှ လက်ရှိလျှောက်မဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ ဘယ်အကြောင်းတွေကို ဦးစားပေးပြောပေးပေးပါလို့ ပြောလို့ရပါတယ်။
ဓါတ်ပုံကို နိုင်ငံအချို့မှာ တရားဝင် တောင်းဆိုပိုင်ခွင့်မရှိပါ။ သို့သော် ထည့်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ ကိုယ်ရေးအကျဥ်း ကို ပိုပြီးစိတ်ဝင်စားပါစေလိမ့်မယ်။ ကုမ္ပဏီအများစုက ဓါတ်ပုံပါတာကို ပိုသဘောကျပါတယ်။ ပိုပြီးသေချာချင်ရင်တော့ ဓါတ်ပုံကို CV ထဲမှာမထည့်ပဲ LinkedIn ပေးထားပြီး LinkedIn မှာပဲပုံတင်ထားတာ အကောင်းဆုံးပါ။
ဓါတ်ပုံရွေးချယ်ရာမှာလဲ အရေးကြီးပါတယ်။ ဖန်တီးမှုဆိုင်ရာ (Create) အလုပ်မျိုး ဥပမာ ဖက်ရှင်ဒီဆိုင်နာအလုပ် ရှာရင်တော့ပေါ့ပေ့ါပါးပါး (Casual) ပုံတင်လို့ရပေမယ့် ဘဏ်တို့၊ စာရေးကိုင်တို့ စတဲ့ တိကျမှုကိုလိုအပ်တဲ့အလုပ်မျိုးဆိုရင် ပုံစံကျ (Formal) ပုံတွေပဲသုံးပါ။ ကိုယ်ရေးအကျဥ်းပုံစံ (Format) ကို ရွေးချယ်ရာမှာလဲ ဒီလိုပါပဲ။ ကိုယ့်ရှာတဲ့ အလုပ်ပေါ်မှာမူတီပြီးရွေးချယ်ပါ။
ကိုယ်ရေးအကျဥ်းကို ၁ - ၃ မျစ်နှာထဲရေးတာအကောင်းဆုံးပါ။ PDF file နဲ့ ထည့်ပေးပါ။
LinkedIn, သို့မဟုတ် အခြားအထောက်အကူဖြစ်စေမည့် အောင်လက်မှတ်များ၊ မှတ်တမ်းများ ထည့်ပေးနိုင်ပါတယ်။
ကိုယ်လိုအပ်တာတွေ၊ သိပ်မကောင်းတာတွေကို မထုတ်ဖေါ်ရေးပဲ ကိုယ်အားသာတဲ့အချက်တွေကိုပဲ ဦးစားပေးရေးလို့ရပါတယ်။ သို့သော် လိမ်မရေးပါနဲ့၊ အမှန်တစ်ကယ်ရှိတာတွေကိုသာရေးပါ။ ဥာဏ်ရည်တု (AI) တွေကိုရေးခိုင်းရင် များသောအားဖြစ် အကဲပိုအောင်ရေးတတ်လို့ ကိုယ်မဟုတ်တဲ့ အပိုင်းတွေကို ပြန်ပြင်ရေးပါ။
ကုမ္ပဏီတစ်ခုလျှောက်တိုင်း ရေးထားတာတွေကို အလုပ်ကြော်ငြာနဲ့ ကိုက်ညီမှုရှိမရှိ ပြန်စစ်ပါ။
အားလုံးပဲကိုယ်လိုချင်အလုပ်၊ ကိုယ်နဲ့သင့်တော်တဲ့အလုပ်တွေ ရနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
မှ သွန်းသစ်သူ🌼
Comments
Post a Comment