သမင်စစ်ပွဲများမှ ရဟတ်ယာဉ်မှူး မုဆိုး ပန်းချီဆရာ - ကျမရဲ့ အိမ်ရှင်အဘ
ဒါပေမယ့်လည်း ကျမမှတ်မိသလောက် အဘသင်ပေးခဲ့တဲ့ အရာတွေကို အလျဉ်းသင့်သလို မျှဝေသွားပါ့မယ်။
ဒီနေ့တော့ အမှတ်တရအနေနဲ့ အဘရဲ့ အသက်မွေးဝမ်းကျောင်းမှု နောက်ခံသမိုင်း အချို့နဲ့ သူအကြောင်း အနည်းအကျဥ်းကို မျှဝေပေးသွားပါ့မယ်။
၁။ နယူးဇီလန်ရဲ့ "သမင်စစ်ပွဲ" ရှေ့ဆောင်သူ
အဘဟာ တစ်ချိန်က မုဆိုး တစ်ဦးပါ။ သူအဓိက အမဲလိုက်တာကတော့ သမင် (Deer) နဲ့ ဖါ့စမ် (Possum) လို့ခေါ်တဲ့ အိတ်ပါနို့တိုက်သတ္တဝါများ ဖြစ်ပါတယ်။ ဒီတိရစ္ဆာန်တွေကို အမဲလိုက်တာဟာ ရက်စက်တယ်လို့ ထင်ရပေမယ့်၊ သမင်နဲ့ ဖါ့စမ်တွေဟာ နယူးဇီလန်နိုင်ငံရဲ့ သစ်တောတွေနဲ့ ဇာတိရင်းငှက် (Native birds) တွေကို ဖျက်ဆီးနေတဲ့ ပြင်ပမှလာတဲ့ ကျူးကျော်မျိုးစိတ် (Invasive species) တွေ ဖြစ်ကြပါတယ်။
ဒါကြောင့် အစိုးရကလည်း ဒီတိရစ္ဆာန်တွေကို လိုက်လံနှိမ်နင်းဖို့ အားပေးနေတာပါ။ အဘက သူချစ်မြတ်နိုးတဲ့ သစ်တောတွေကို ကာကွယ်ပေးတဲ့ ရှုထောင့်ကနေ မုဆိုးတစ်ဦးအဖြစ် သူ့ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
(မှတ်ချက်။ ဖါ့စမ်က သြဇီမှာဆိုရင်တော့ ဇာတိရင်းတိရစ္ဆာန်ဖြစ်တဲ့အတွက် စောင့်ရှောက်ဖို့လိုပါတယ်။)
🔹 ရဟတ်ယာဉ်မောင်းတဲ့မုဆိုးဘဝ (၁၉၇၀ ပြည့်လွန်နှစ်များ)
၁၉၇၀ နှစ်ပိုင်းလောက်ကနေစပြီး အဘဟာ ရဟတ်ယာဉ်မောင်းပြီး သမင်လိုက်တဲ့လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ဒီလုပ်ငန်းဟာ နယူးဇီလန်မှာ ၁၉၆၅ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး၊ အဘ စလုပ်တုန်းက ရဟတ်ယာဉ်နဲ့ အမဲလိုက်တဲ့လူ ၁၀ ယောက်ဝန်းကျင်သာ ရှိသေးတဲ့အတွက် အဘကို ဒီလုပ်ငန်းလောကရဲ့ ရှေ့ဆောင်တစ်ဦး လို့ သတ်မှတ်နိုင်ပါတယ်။ ဒီပုံရိပ်တွေကို W.A.R - Wild Animal Recovery မှာ ကြည့်ရှု့နိုင်ပါတယ်။
🔹သမင်စစ်ပွဲများ (Deer Wars)
၁၉၇၃ ခုနှစ်မှာ သမင်အသား (Venison) ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့ပြီး ပြိုင်ဆိုင်မှု ပြင်းထန်ကာ မတော်တဆမှုများ ဖြစ်ပွားခဲ့တဲ့ "သမင်စစ်ပွဲ" ခေတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ အဘဟာ ရဟတ်ယာဉ်နဲ့ လေယာဉ်မှူး၊ မုဆိုးအဖြစ် နာရီပေါင်း ထောင်နှင့်ချီပြီး ပျံသန်းခဲ့ပါတယ်။
---
၂။ ဘေးကင်းရေးကိုအလေးထားသူ (Safety)
အဘနဲ့အတူ လေယာဉ်/ရဟတ်ယာဉ် မောင်းသင်ခဲ့သူ အယောက် ၂၀ ထဲက ၁၈ ယောက်ဟာ မတော်တဆမှုနဲ့ ဆုံးပါးသွားခဲ့ရပါတယ်။ အချို့လူတွေက အဘ မတော်တဆမဖြစ်တာ ကံကောင်းတယ်လို့ ပြောကြပေမယ့် အဘကတော့ "ဒါကံကောင်းတာမဟုတ်ဘူး၊ ဘေးကင်းရေးကို ဦးစားပေးပြီး အမြဲစဉ်းစားလို့" လို့ ဖြေခဲ့ပါတယ်။
အဘဟာတစ်ကယ်လဲ ဘေးကင်းရေးကို အမြဲတမ်း ဦးစားပေးခဲ့တဲ့အတွက်-
- ရဟတ်ယာဉ်ရဲ့ စက်သံ ပုံမှန်မဟုတ်တာကို သတိထားမိလို့ ပိုင်ရှင်ကို ပြောပြခဲ့ပေမယ့် ပိုင်ရှင်က လျစ်လျူရှုတဲ့အတွက် အလုပ်က ချက်ချင်း ထွက်ခဲ့ဖူးပါတယ်။ မကြာခင်မှာပဲ အဲဒီရဟတ်ယာဉ် ပျက်ကျပြီး မောင်းသူ ဆုံးပါးခဲ့ရတယ်။
- သူနေတဲ့မြို့ပေါ်မှာ သတ်မှတ်ထားတဲ့ အမြင့်မရောက်ဘဲ အန္တရာယ်ရှိစွာ မောင်းနေတဲ့ ရဟတ်ယာဉ်ကို မြင်တဲ့အတွက် ရဲတိုင်ခဲ့လို့ လူအမြင်ကပ်ခံရပေမယ့် မှန်ရာကို လုပ်တဲ့အတွက် နောင်တမရခဲ့ပါဘူး။
ဒီအသိစိတ်ဓာတ်ကိုပဲ ကျမကို ကားမောင်း၊ သေနတ်ပစ်၊ ဆိုင်ကယ်ကြီးမောင်းတာတွေ သင်ပေးတဲ့အခါမှာ အန္တရာယ်ကင်းရှင်းရေး နံပါတ် ၁ ဦးစားပေး အဖြစ် အမြဲတမ်း သင်ကြားပေးခဲ့ပါတယ်။
---
၃။ ကိုယ်ပိုင်ဟန် ပန်းချီဆရာ
တောထဲမှာဖြစ်ဖြစ်၊ လေထဲမှာဖြစ်ဖြစ် ရရှိခဲ့တဲ့ ခံစားချက်တွေကို အဘဟာ ပန်းချီအဖြစ် ရေးဆွဲလာခဲ့ပါတယ်။ ပန်းချီပညာကို မသင်ခဲ့ဖူးတဲ့သူဟာ ကိုယ်ပိုင်အတွေးအမြင်နဲ့ စိတ်ကူးကိုသာ အခြေခံပြီးရေးဆွဲခဲ့တယ်။ တချို့လူတွေက အစောပိုင်းမှာ သူဆွဲတာတွေကို လက်မခံပေမယ့် အဘက ဂရုမစိုက်ဘဲ ကိုယ်လုပ်ချင်တာကိုပဲ တစ်စိုက်မတ်မတ် ဆက်ကြိုးစားခဲ့ပါတယ်။
သူ အဓိက ရေးဆွဲတဲ့ အကြောင်းအရာများကတော့-
သဘာဝနှင့်မှတ်တမ်း (Nature and Memory Record): နှစ်ပေါင်းများစွာ ပျံသန်းရင်း မြင်တွေ့ခဲ့ရတဲ့ သဘာဝ မြင်ကွင်းတွေကို ပြန်လည်ရေးဆွဲခြင်း။
လူမှုရေးဝေဖန်ခြင်း (Social Commentator): လူ့အဖွဲ့အစည်းရဲ့ မတရားမှုတွေကို ပန်းချီနဲ့ ထင်ဟပ်ပြသခြင်း။
ရဟတ်ယာဉ် စစ်ပွဲမှ အမွေအနှစ် (Legacy of the Helicopter Era): ရဟတ်ယာဉ် မတော်တဆမှုများကြောင့် ဆုံးပါးသွားခဲ့သော လုပ်ဖော်ကိုင်ဖက်များကို အမှတ်တရအဖြစ် ပျက်ကျသူများနှင့် သစ်တောမြင်ကွင်းများ ပန်းချီကားများ ရေးဆွဲခြင်း။
---
၄။ အကျိုးမမျှော်ကိုးဘဲ ကူညီတတ်သူ
အဘဟာ အမြဲတမ်း လိုအပ်တဲ့သူတိုင်းကို ဘယ်သူ့ဆီကမှ အကျိုးမမျှော်ကိုးဘဲ ကူညီပေးခဲ့သူပါ။
သူရရှိထားတဲ့ လေယာဉ်/ရဟတ်ယာဉ် ပညာကို လူတော်တော်များများကို အခမဲ့ သင်ပေးခဲ့ပါတယ်။
အင်တာနက်မှာ ဥပဒေပိုင်းဆိုင်ရာ အကူအညီလိုအပ်တဲ့သူကိုတွေ့လို့လဲ အခမဲ့ ကူညီပေးခဲ့ဖူးပါတယ်။
သူ့ဆီမှာ ငှားနေသူတွေ (အများစုက နိုင်ငံခြားသားများ) ကို နေထိုင်ရေး၊ လူမှုရေး၊ ဥပဒေ၊ အနာဂတ်စတဲ့ ကိစ္စများမှာ စိတ်ရောလူပါ အချိန်ပေးပြီး အခမဲ့ ကူညီပေး ခဲ့ပါတယ်။
အင်္ဂလိပ်စာ သင်ချင်သူတွေကိုလဲ သူအလုပ်လုပ်ချိန်မှာတောင် ဘေးကနေ ဝိုင်းကူပေးပြီး စာသင်ပေးခဲ့တဲ့အထိ အတတ်နိုင်ဆုံး ကူညီခဲ့ပါတယ်။
---
၅။ ကျမဘဝအတွက် အဖိုးမဖြတ်နိုင်သော ရတနာ
အဘနဲ့ အတူနေခွင့်ရခဲ့တဲ့ ၁ နှစ်ခွဲ အတွင်းမှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေက ပြောလို့မဆုံးပါဘူး။ ဘယ်အရာမဆို အကောင်းမြင်တတ်တဲ့ အဘဟာ ကျမကို ခွန်အားတွေ အများကြီး ပေးခဲ့ပါတယ်။ အဘဟာ ကျမကို မိသားစုဝင်တစ်ယောက်လို ချစ်ခင်ကာ-
ဘဝလမ်းကြောင်းကို အန္တရာယ်ကင်းအောင် သွားဖို့ စစ်တုရင် သင်ပေးသလို သေချာ ကြိုတင်ပြင်ဆင်ဖို့ သင်ပေးခဲ့တယ်။
ကျမရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးခဲ့တယ်။
ကျမကို Dahlia (ဒေလီယာ) လို့ နာမည်ပေးခဲ့ပြီး၊ အရောင်စုံတဲ့ ဒေလီယာပန်းတွေလို ကျမဘဝမှာ လုပ်ချင်တာ အားလုံး အောင်မြင် ဖူးပွင့်စေချင်ခဲ့ပါတယ်။
အဘက ကျမကို စာတွေစရေးဖို့ တိုက်တွန်းပေးခဲ့ပြီး၊ ကျမရဲ့ အတွေးအားလုံးကို အကောင်အထည်ဖော်အောင် အားပေးခဲ့သူပါ။ အဘ ကျမကို နောက်ဆုံးပေးခဲ့တဲ့ သင်ခန်းစာကတော့ ဘဝမှာ ဝမ်းနည်းစရာတွေ ကြုံလာရင်တောင် ရှေ့ကို ကြံ့ခိုင်စွာ ဆက်သွားဖို့ ပဲလို့ ကျမ ယုံကြည်ပါတယ်။
အဘ မရှိတော့ပေမယ့် သူသင်ပေးခဲ့တဲ့ ဘဝအတွက် သင်ခန်းစာတွေဟာ ကျမနဲ့အတူ ထာဝရ ကျန်ရစ်နေမှာ အမှန်ပါပဲ။
စိတ်ထားကောင်းတဲ့ အဘ၊ နှစ်သက်တဲ့ သဘာဝတောထဲမှာ ထာဝရ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းလျှက်
Comments
Post a Comment