ညီတူမျှတူဆက်ဆံခြင်း

 

နယူးဇီလန်မှာ လူမျိုးခွဲခြားတာရှိလားလို့ မေးကြတာတွေမြင်ဘူးပါတယ်။ ကျမအတွေ့အကြုံအရတော့ မရှိသလောက်ရှားပါးပြီး ညီတူမျှတဆက်ဆံတတ်ကြတယ်။ ဒီလိုညီမျှမှုတွေကို အခေါ်အ‌‌ဝေါ်ကနေစသိနိုင်ပါတယ်။ ကျမတို့ကုမ္ပဏီမှာ ဖိလစ်ပိုင်နဲ့ နီပေါကလာတဲ့ လုပ်ဖော်ကိုင်ဖက်တွေ စရောက်တုန်းကဆို ကျမတို့ကို Sir/Madam လို့ ခေါ်ကြတယ်။ ကျမမြန်မာနိုင်ငံနဲ့ ထိုင်ဝမ်မှာနေဘူးတဲ့အတွေ့အကြုံအရလဲ လူအများစုက ကိုယ့်ရဲ့အကြီးဆုံးရာထူးကိုခေါ်တာသဘောကျကြတယ်။ နေရာတိုင်းရဲ့ ယဥ်ကျေးမှုနဲ့ ဓလေ့ကတော့ မတူဘူးပေါ့၊ ဒီမှာတော့ နယူးဇီလန်ကို အခြေခံပြီးပဲ မျှဝသွားပါ့မယ်။ ဒီကလူတွေက များသောအားဖြင့် နံမည်ပဲ တိုက်ရိုက်တတ်ခေါ်တာများတယ်။ "မစ္စတာ"၊ "မစ္စ"၊ "ဒေါက်တာ" စတဲ့ အသုံးအနှုံးတွေတောင်မပါပါဘူး။ အထက်လူကြီး၊ အခြားကုမ္ပဏီကလူ၊ မိဘ စတာတွေတောင်မှ နံမည်ပဲခေါ်ကြတယ်။ အစကတော့ ကျမသိပ်နားမလည်ဘူး၊ မြန်မာလိုပြောရင် ရိုင်းနေမလားပေါ့။ နောက်မှကျမနားလည်မိတာက ဒီလိုနံမည်ခေါ်လိုက်ခြင်းအားဖြင့် ရာထူး၊ အဆင့်အတန်းတွေသိပ်မရှိတော့ပဲ ညီတူမျှတူဖြစ်လာတယ်။ ဒီလိုနံမည်ခေါ်လို့ ရိုင်းသွားတာမဟုတ်ပဲ၊ ယဥ်ယဥ်ကျေးကျေးပြောပြီး လေးလေးစားစားပဲဆက်ဆံကြပါတယ်။ ကုမ္ပဏီမှာဆို အထက်အောက်ဆိုတဲ့ ပုံစံမျိုး မရှိတော့တဲ့အတွက် အကြီးအကဲပြောတာကိုပဲ နာခံရမှာမဟုတ်တော့ပဲ အားလုံးက အဖွဲ့သားတွေဖြစ်ပြီး ကိုယ်ကျွမ်းကျင်ရာကနေ အဖွဲ့ကို ပံ့ပိုးပေးတဲ့သူ ဖြစ်လာပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိတဲ့ အကြံဉာဏ်နဲ့ အတွေးအခေါ်တွေကို အဖွဲ့အစည်းအတွက် ပိုမိုရဲရဲဝံ့ဝံ့ ဖော်ထုတ်ပြောဆိုရဲလာတယ်။ ခေါင်းဆောင်အပါအဝင် အားလုံးကလည်း အခြင်းခြင်း ပေါ့ပေါ့ပါးပါး လေးလေးစားစားပဲ ဆက်ဆံကြပါတယ်။ မိသားစုမှာလဲ ဒီလိုပဲ၊ ကျမထိတွေ့ခဲ့တဲ့ ပတ်ဝန်းကျင်က များသောအားဖြင့် မိဘ၊ လူကြီးပြောစကားကိုပဲ နားထောင်ရင် လိမ္မာတယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ထိတွေ့မိတဲ့ အနောက်တိုင်းမိသားစုတွေမှာတော့ မိဘဆိုရင်တောင်မှ အကြံတစ်ခုအနေနဲ့ပဲပေးပါတယ်။ သားသမီးက နားလည်၊ သိတတ်တဲ့အရွယ်ကစပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိတယ်။ အန္တရာယ်ကင်းဖို့ပဲ အဓိက သင်ကြားပေးကြပါတယ်။ --- ကျမဒီစာကိုရေးဖို့ အိမ်ရှင်အဘနဲ့ စကားပြောဖြစ်တော့ အိမ်ရှင်အဘက ရီပြီးပြောပြတယ်၊ အရင်ကလဲ အဲ့လို မစ္စတာလို့ အခေါ်ခံချင်၊ ဟုတ်နဲ့ ဟန်နဲ့ နေချင်တဲ့ လူတွေရှိတယ်တဲ့။ တစ်ယောက်က ဘဏ်ကအရာရှိ၊ တစ်ယောက်ကဆိုင်ပိုင်ရှင်ပေါ့။ တစ်နေ့ကျတော့ သူတို့တွေ အလုပ်မရှိ၊ ဆိုင်မရှိတော့တဲ့ နောက်မှာ ဘယ်သူ့မှ သူ့တို့ကို မစ္စတာလို့ မခေါ်ကြတော့ဘူးပေါ့တဲ့။ ဒီလို ရာထူး၊ ဥစ္စာ၊ ဂုဏ်ပကာသနတွေဟာ အမြဲတည်မြဲတဲ့အရာတွေ မဟုတ်ဘူးမဟုတ်လား? --- အခေါ်အဝေါ်တွင် မကပါဘူး၊ အပြုအမူလည်း ထိုနည်းတူပါပဲ။ ကျမလက်ရှိအလုပ်ရဲ့အထက်လူကြီးက အမေရိကန်ကလာတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး လူပေါင်း ၇၀ ခန့်ရှိတဲ့ကုမ္ပဏီရဲ့ ဒါရိုက်တာပါ။ ကျမတို့ မကြာခဏ ရုံးခန်းမှာ အစည်းအဝေးလုပ်လေ့ရှိပြီး ပုံမှန်အားဖြင့် ကျမစောစောရောက်ပြီး နေရာပြင်ဆင်ထားတတ်ပါတယ်။ တစ်ခေါက်တော့ သူနဲ့ကျမ အချိန်တူရောက်တော့ ကျမက သူ့အတွက် ခုံယူပေးမလို့ လုပ်တာကို သူက "နေပါစေ၊ ကျမဘာသာ လုပ်လိုက်ပါမယ်"လို့ ပြောပြီး သူ့ဘာသာယူပါတယ်။ ရာထူးအရ အလုပ်ကိစ္စနဲ့ဆိုင်ရင် သူ့မှာဆုံးဖြတ်ပိုင်ခွင့်ရှိပေမယ့် ကိုယ်ရေးကိုယ်တာကိစ္စမှာဘယ်သူက ဘယ်သူ့ကို အစေခံစရာ မလိုပါဘူး။ ကျမအရင်လုပ်ခဲ့ဘူးတဲ့ နယူးဇီလန်ကအမျိုးသမီးနဲ့ ကနေဒါကအမျိုးသားတစ်ဦးလဲ ထိုနည်းတူပါပဲ။ လုပ်စရာရှိလဲ တူတူလုပ်ကြတယ်။ သူဌေးဆိုပြီး ဘေးကနေ ကြည့်နေတာမျိုး မရှိပါဘူး။ အဲ့တုန်းကလဲ ကျမမိသားစုကို သတိရမိပါတယ်။ ငယ်ငယ်တုန်းက အဖေအိမ်မှာ လုပ်ငန်းသေးလုပ်တုန်းက အစက အမေဟင်းချက်ရင် အဖေ့အတွက်ခွဲချက်ပေးတတ်တယ်။ အဖေက ခွဲမချက်နဲ့ အားလုံးနဲ့ပဲ တူတူစားမယ်လို့ပြောပြီး အမြဲဝန်ထမ်းတွေနဲ့အတူလုပ်တယ်၊ အတူစားတယ်။ ကျမအမ ကြီးပြင်းလာတော့ လုပ်ငန်းလုပ်လဲ အဲ့လိုပါပဲ၊ အားလုံးနဲ့ တူတူလုပ်၊ တူတူစားတယ်။ ဒါကို အချို့တွေက ဒီလိုနေရင် ဝန်ထမ်းတွေက မလေးမစားဖြစ်တယ်လို့ပြောကြတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ အရင်ဝန်ထမ်းတွေက လေးလေးစားစား ဆက်ဆံကြစဲပါ။ --- ကျမအရင်က ထိတွေ့ခဲ့တဲ့ ပတ်ဝန်းကျင်တွေမှာ များသောအားဖြင့် လူမျိုး၊ ဘာသာ၊ အသားအရည်၊ ပညာရေး၊ ဥစ္စာဓန၊ ရာထူး၊ ဘာသာစကားကျွမ်းကျင်မှု၊ နိုင်ငံခြားသွားလာခွင့် စတဲ့အကြောင်းအရာ အမျိုးမျိုးကြောင့် ညီတူမျှတူ ဆက်ဆံဖို့ကို မေ့လျော့တတ်ကြပါတယ်။ တစ်ကယ်တော့ ဒီလိုမျိုး ကိုယ်က သူများထက်သာတယ်ထင်လိုက်တာနဲ့ တစ်နေ့ ကိုယ့်ထက်သာတဲ့သူနဲ့ ကြုံတွေ့တဲ့အခါ စိတ်အားငယ်မှု ဖြစ်နိုင်ပါတယ်။ နယူးဇီလန်အပါအဝင် အနောက်နိုင်ငံအများစုမှာ ခွဲခြားဆက်ဆံခြင်း (discrimination) ကိုဥပဒေအရ အရေးယူလို့ရပါတယ်။ ဒီလိုမျိုးအလွန်အရေးထားရတဲ့အကြောင်းအရင်းက သူတို့မှာ ဂျာမနီက ဟစ်တလာ၊ အမေရိကန်က ကျွန်စနစ် စတဲ့ အစွန်းရောက် ခွဲခြားဆက်ဆံမှုသမိုင်းတွေ ရှိခဲ့ဖူးလို့ပါပဲ။ အခြေခံ ညီမျှမှုမရှိရင် အလွန်ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတာကို နားလည်လာကြတဲ့အတွက် ဥပဒေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ပေးကြတာပါ။ အနောက်နိုင်ငံတိုင်း လုံးဝမရှိဘူးလို့တော့မဟုတ်ပါဘူး။ အနည်းနဲ့အများ ရှိကြပါတယ်။ ဒါပေမယ့်လဲ ကြိုးစားနေကြဆဲပါ။ အနည်းဆုံးတော့ နယူးဇီလန်မှာ တစ်ကယ်ကို နည်းပါးပါတယ်။ --- ကျမတို့အများစုက သူများထက်သာတယ်ဆိုတဲ့ စိတ်နဲ့ ယုံကြည်မှုကို တည်ဆောက်လေ့ရှိပါတယ်။ ဒါဆို ဒါတွေမရှိရင် ဘာနဲ့ယုံကြည်ချက်ကို ဆောက်တည်မလဲ? မိမိရဲ့လုပ်ဆိုင်ချက်၊ ရိုးသားကြိုးစားမှု၊ အတွေးအခေါ်၊ အပြုအမူ စတာတွေကနေ လာတာလို့ ကျမယုံကြည်ပါတယ်။ ကျမကိုယ်တိုင်လည်း ဒီလို ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ ကြိုးစားနေဆဲပါ။ လူမျိုးဘာသာမရွေး လူတိုင်းမှာ ကိုယ်ပိုင်အလှနဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြပါတယ်။ လူတစ်ဦးချင်းစီရဲ့ မတူညီတဲ့ ကွဲပြားမှုတွေဟာ ပန်းစုံပွင့်တဲ့ ဥယျာဉ်တစ်ခုလို လှပနေပါတယ်။ ဒီလိုကွဲပြားတဲ့ အလှတရားတွေကို လေးစားတန်ဖိုးထားခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်မယ်လို့ ကျမယုံကြည်မိပါတယ်။ မှ သွန်းသစ်သူ🌼



Comments