ရွှေ့ပြောင်းနေထိုင်ခြင်း
အရင်တလောက နိုင်ငံအသစ်ရောက်ပြီး နေသားမကျတဲ့ အခက်အခဲတွေရှိတာတွေ့မိပါတယ်။ ဒီလိုအခက်အခဲကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့အဖြေကို အရင်ပြောရရင်တော့ - ၁။ လူကြီး၊ လူငယ်မရွေး မိတ်ဆွေဖွဲ့ပါ။ ၂။ ထိုနိုင်ငံရဲ့ ရိုးရာ၊ ဓလေ့၊ ယဥ်ကျေးမှု၊ သမိုင်း၊ လက်လမ်းမှီသမျှ နားလည်အောင်လေ့လာပါ။ ၃။ ဘာသာစကားတိုးတက်အောင်ကြိုးစားပါ။
တစ်ကယ်တော့ နိုင်ငံတစ်နိုင်ငံမှာ အခြေချနေထိုင်ဖို့ဆိုတာ တစ်ကယ်ကိုမလွယ်ပါဘူး။ ဒါကြောင့်လဲ ရွှေ့ပြောင်းနေထိုင်သူတွေများတဲ့နိုင်ငံတွေမှာ အကူအညီပေးတဲ့ အစိုးရအဖွဲ့အစည်းဖြစ်ဖြစ်၊ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်ဖြစ် ရှိတတ်ပါတယ်။ ChatGPT ကို "ကိုယ်ရှိတဲ့နိုင်ငံမှာ migration တွေကို အကူအညီပေးတဲ့ ဘာအဖွဲ့တွေရှိလဲ" လို့ မေးကြည့်လို့ရပါတယ်။
အောက်မှာတော့ကျမရဲ့ မတူတဲ့ အသက်အရွယ်၊ မတူတဲ့ ဘာသာစကားပြောတဲ့နေရာမှတွမှာ ရွှေ့ပြောင်းနေထိုင်ခဲ့တဲ့ အခက်အခဲ၊ အတွေ့အကြုံများကို အထောက်အကူတစ်ခုဖြစ်စေရန် မျှဝေလိုက်ပါတယ်။
---
ကျမထိုင်ဝမ်စရောက်တုန်းက မူလတန်းကစတတ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာတုန်းက နွေရာသီမှာ တရုတ်လိုသင်ခဲ့ပေမယ့် အခြေခံတောင်မရတဲ့ အဆင့်ပါ။ ပထမဆုံးရက်ကျောင်းရောက်တော့ အမေကအတန်းထဲပို့ပြီးတာနဲ့ ပြန်သွားတော့ စကားနားမလည်တဲ့ကျမက အူကြောင်ကြောင်နဲ့ပေါ့။
အခုတော့မသိဘူး၊ ဒါပေမယ့် ကျမမြန်မာနိုင်ငံမှာကျောင်းတက်တုန်းက မနက်ကျောင်းတက်ရင် နေ့လည်ထမင်းစားမှနားတတ်တယ်။ ထိုင်ဝမ်မှာက အတန်း ၁ ချိန်ပြီးတိုင်း ၁၀ မိနစ်နားတယ်။ ဒါကိုမသိတဲ့ကျမက ဒီလောက်အစောကြီးထမင်းစားကျပါလားဆိုပြီးထုတ်စားရော။
အားလုံးကဝိုင်းပြီးကြည့်တော့ ကျမကဘာဖြစ်မှန်းမသိဘူး၊ ကျောင်းသားသစ်မို့ဝိုင်းကြည့်ကျတယ်လို့ဘဲထင်မိတယ်။ ၁၀ မိနစ်ကြာ ခေါင်းလောင်းထပ်ထိုးတော့ ထမင်းစားချိန်ကလဲမြန်လိုက်တာပေါ့။ နောက်တော့မှ ထမင်းစားချိန်မဟုတ်ပါလားဆိုတာသိလာတယ်။
အိမ်သာသွားချင်တော့ ကျမသင်ဘူးတဲ့ပြောနည်းကတစ်မျိူး (洗手間)၊ ကျောင်းသားတွေပြောနည်းကတစ်မျိုး (廁所)၊ စတဲ့မတူတဲ့အခေါ်အဝေါ်တွေကြောင့် သွားဖို့အခက်အခဲဖြစ်ပြန်တယ်။
နောက် ၂ ရက်၊ ၃ ရက်ကြာတော့ ကျောင်းသားသစ်က ထမင်းအေးတွေကြီးပဲစားနေတယ်ဆိုပြီး အခြားကျောင်းသားတွေ ဆရာမကိုပြောတော့မှ ထမင်းဘူးနွေးစက် (蒸便當箱) ရှိမှန်းသိလာတယ်။ ဘာလို့လဲဆိုတော့ ထိုင်ဝမ်ကလူတွေက ထမင်းဘူးကို ညကတည်းကပြင်ပြီး ရေခဲသေတ္တာထဲထည့်ထားတဲ့အကျင့်ရှိလို့ပါ။
စကားနားမလည်တဲ့ကျမ အပျော်ဆုံးက အင်္ဂလိပ်စာနဲ့ အနုပညာအတန်းပေါ့။ အင်္ဂလိပ်စာအချိန်ကလွဲရင် အခြားအတန်းအချိန်တွေတိုင်း အနုပညာအတန်းကသင်ပေးတဲ့ လက်မှုလုပ်နည်းအမျိုးမျိုးပဲထိုင်လုပ်နေတယ်။
အဲဒါကြောင့် တစ်တန်းလုံးက ကျမကို ထူးဆန်းတဲ့လူ (奇怪的人) လို့ထင်ကျတယ်၊ ဘယ်သူမှ သူငယ်ချင်းမလုပ်ချင်ကြဘူး။ မူလတန်းရဲ့ ကျောင်းဆင်းခရီး (Graduation trip, 畢業旅行) သွားတော့လဲ အဖွဲ့လုပ်ချင်တဲ့သူမရှိခဲ့ပါဘူး။
ပြောစရာတွေကတော့ မကုန်ပါဘူး။ အခုအချိန်မှာ ဒါတွေကို ဟာသတစ်ခုလိုပြောနိုင်ပေမယ့် အဲ့အချိန်တုန်းကတော့ တော်တော်စိတ်ထိခိုက်ခဲ့ပါတယ်။ နေ့တိုင်းအမေ့ကို ဘာလို့ထိုင်ဝမ်ခေါ်လဲခဲ့တာလဲဆိုပြီး မျက်ရည်ဆမ်းဆမ်းနဲ့ပေါ့။
---
ဒါတွေကို ပြောင်းလဲစေခဲ့တာက ကျူရှင်က ဆရာမကောင်းတစ်ယောက်နဲ့ အလယ်တန်းက သူငယ်ချင်းကောင်းတစ်ယောက်ပါ။
ဆရာမကစည်းကမ်းကြီးတယ်။ ကျမကို တရုတ်စာကောင်းကောင်းသင်ပေးရုံမက ဒီက ဓလေ့တွေလဲ သင်ပေးတယ်။ ကွမ်းရောင်းအလှမယ် (檳榔西施) ဆိုတာကဘာလဲ၊ လူကြီးပြုစုသူ (caregiver, 看護) ဆိုတာဘာလဲ၊ စသဖြင့်ပေါ့။ ထို့အပြင် ကျမစာရွက်လှန်ဖို့ လျှာနဲ့လက်တို့ပြီးလုပ်ရင်တောင် ဒါဟာ မသန့်ရှင်းဘူးလို့ လူကြီးတွေပဲ ဒီလိုလုပ်လေ့ရှိတယ်ဆိုပြီးပြောပြတယ်။ ဆရာမရဲ့ သွန်သင်ပေးမှုများကြောင့် ကျမ ထိုင်ဝမ်ရဲ့ အကြောင်းတွေ ပိုနားလည်လာခဲ့တယ်။
အလယ်တန်းရောက်တော့ စိတ်ရင်းကောင်းတဲ့ သူမနဲ့တွေ့မိပြီး သူငယ်ချင်းရှိလာတယ်။ သူက ကျမကိုတရုတ်စာသင်ပေး၊ ကျမကသူ့ကို သင်္ချာသင်ပေးပြီး ရင်းနီးခဲ့တယ်။ သူနဲ့တရုတ်လိုအမြဲပြောဖြစ်တာရယ်၊ တီဗွီများများကြည့်ဖြစ်တာရယ်ကြောင့် တရုတ်လို အများကြီးတိုးတက်လာတယ်။ ပြောစရာတွေကတော့ မဆုံးပါဘူး၊ အတိုခြုံးပြောရရင် သူ့ကြောင့်ကျမမှာ ပျော်စရာ အလယ်တန်းဘဝရှိခဲ့တယ်။ နောင်ပျော်ရွှင်တဲ့ အချိန်တွေရဖို့အတွက်လဲ အုတ်မြစ်ဖြစ်လာတယ်။ အခုထိလဲ အခင်ဆုံးသူငယ်ချင်းတွေပါဘဲ။
---
နယူးဇီလန်ကိုကျမရောက်တဲ့အချိန်မှာ အသက် ၃၀ ကျော်နေပါပြီ။ ထိုင်ဝမ်မှာနေသားကျနေပြီဖြစ်တဲ့ကျမ ဒီလိုမျိုး ရေမြေသစ်ကို ရွေ့ပြောင်းနေထိုင်ရတဲ့ ခံစားချက်ကိုလဲ မေ့နေတာကြာပါပြီ။ အော်ကလန်မှာတုန်းက ၁ လကျော်ပဲနေခဲ့ပြီး ထိုင်ဝမ်က အခန်းဖော်နဲ့ အလည်သွားလိုက်၊ မုန့်စားလိုက်နဲ့၊ ရောက်စဆိုတော့ ဘာမှ ထွေထွေထူးထူး မခံစားရပါဘူး။
အခုလက်ရှိအလုပ်ရလို့ ဒီမြို့ငယ်လေးကို ပြောင်းလာတော့ မတူတော့ပါဘူး။ ကျမရောက်တုန်းက ကုမ္ပဏီက စတည်ထောင်ခါစဆိုတော့ လုပ်ဖော်ကိုင်ဖက်သိပ်မရှိဘူး။ တရုတ်လိုပြောတဲ့သူလဲမရှိ၊ မြန်မာလိုဆိုပိုဆိုးပါတယ်။ ရောက်စဆိုတော့ ဘယ်မှာ သူငယ်ချင်းလုပ်ရမလဲလဲမသိပါဘူး။
ရောက်ပြီး သိပ်မကြာမှာ ကျမဆိုင်ကယ်လဲပြီး ဒဏ်ရာရတော့ လမ်းကောင်းကောင်းလျှောက်လို့မရတော့ပါ။ အဲ့ဒီအပြင် လူကလဲနေမကောင်းတော့ ဆန်ပြုတ်လုပ်စားဖို့ချက်လိုက်ပါတယ်။ ဖြစ်ချင်တော့ ဆန်ပြုတ်က တူးသွားပြီး လုံးဝစားလို့မရတော့ပါဘူး။
ရှိတဲ့စားဖို့ပစ္စည်းတွေကလဲ ကုန်နေပြီ၊ စျေးသွားဝယ်ဖို့ကလဲအဆင်မပြေ၊ ရာသီဥတုကလဲအရမ်းအေး၊ စကားပြောစရာလူကမရှိ၊ ရှိတဲ့အခန်းဖော်ကိုလဲ အဲ့တုန်းက သိပ်မကြည်၊ စတဲ့အကြောင်းတွေစုံသွားတဲ့အချိန်မှာ တစ်ကယ့်ကို အထီးကျန်တယ်လို့ခံစားရပါတယ်။ ကျမတစ်ယောက်ထဲ ဘယ်လိုလုပ်ဒီလိုနေရာကိုလာမိလဲဆိုပြီး ဝမ်းနည်းခဲ့ပါတယ်။
ကျမမိဘဖြတ်သမ်းလာခဲ့တဲ့လမ်းကိုသတိရမိပြီး မလွယ်ကူတာတွေကိုပိုနားလည်လာတယ်။ အထူးသဖြင့် မတူတဲ့ဘာသာစကားတွေအလယ် မိဘတွေဘယ်လောက်ပင်ပန်းခဲ့လဲဆိုတာ ပိုပြီးကိုယ်ချင်းစာမိတယ်။ ကျေးဇူးလဲပိုတင်မိတယ်။
---
ဒါပေမယ့်လဲ ဒီလိုနဲ့ပဲ ကျမရှေ့ဆက်ခဲ့ပါတယ်။ လုပ်ဖော်ကိုင်ဖက်အသစ်တွေရောက်လာတဲ့အခါမှာ ကျမလိုမျိုးအခက်အခဲတွေမရှိအောင် ကူညီပေးရင်းနဲ့ သူငယ်ချင်းတွေရလာတယ်။ အခန်းငှားတဲ့သူရှာရင်း၊ အင်တာနက်မှာ ပစ္စည်းရောင်းရင်း၊ ပစ္စည်းဝယ်ရင်း၊ အဲ့လိုနည်းနဲ့ စသိမိတဲ့သူငယ်ချင်းအချို့လဲရှိပါတယ်။
အင်္ဂလိပ်စာတိုးတက်အောင်လဲ အင်တာနက်မှာလေ့လာတယ်။ အထူးသဖြင့် ဒေသခံတွေရဲ့ လေယူလေသိမ်း နားလည်အောင် အဖွဲ့အစည်းအချို့မှာပါဝင်ခဲ့တယ်။
ကျမတစ်ကယ်နေသားကျပြီလို့ခံစားရတာ အခုအိမ်ရှင်နဲ့နေမှပါ။ ကျမဒီအိမ်မငှားခင်မှာ အခြားရွေးချယ်စရာ ရှိပေမယ့် အိမ်မငှားမှီ အိမ်ရှင်တွေနဲ့ စကားပြောကြည့်တဲ့အချိန်မှာ ဒီအိမ်ရှင်က စကားအများဆုံး (😁)၊ မသိတာတွေကို သေသေချာချာရှင်းပြသူ ဖြစ်တာကြောင့် အင်္ဂလိပ်စာများများလေ့ကျင့်လို့ရအောင် ဒီအိမ်ကိုပဲရွေးခဲ့ပါတယ်။
တစ်ကယ်လဲ ကျမအင်္ဂလိပ်စာ တိုးတက်လာပါတယ်။ ထို့အပြင် အိမ်ရှင်စီကလဲဗဟုသုတအမျိုးမျိုးရတယ်၊ နယူးဇီလန်အကြောင်းပိုနားလည်လာတယ်၊ အိမ်ရှင်ကမှတစ်ဆင့်သိရတဲ့ မိသားစု၊ သူငယ်ချင်း၊ အိမ်နီးနားချင်းတွေကြောင့်လဲ ဒီကလူတွေအကြောင်း ပိုနားလည်လာတယ်။
---
ဒီအကြောင်းကြောင်းတွေကြောင့် ကျမ အခု နယူးဇီလန်မှာ လက်ရှိစတင်နေထိုင်ကြသူများ၊ လာရောက်နေထိုင်ဖို့ သေချာပြီဖြစ်သူများအတွက် အခြေချနေထိုင်ရာတွင် အထောက်အကူဖြစ်စေမဲ့ အချက်အလက်တွေကို မျှဝေတဲ့အချိန်မှာ နည်းပညာပိုင်းဆိုင်ရာမကပဲ သက်ဆိုင်ရာ သမိုင်း၊ အင်္ဂလိပ်စာ၊ ဗဟုသုတနဲ့ အတွေ့အကြုံများကိုလည်း ကြိုးစားပြီး မျှဝေနေတာပါ။
စာရှည်နေပြီမို့ နောက်တစ်ခေါက်မှ ကျမနယူးဇီလန်မှာ နေသားကျအောင် ကြိုးစားခဲ့တဲ့ နည်းအချို့ကို အသေးစိတ် မျှဝေပေးပါ့မယ်။
အောက်မှာတော့ ကိုယ်ရွှေ့ပြောင်းနေထိုင်တဲ့အချိန်မှာ ဘာအခက်အခဲတွေ့ရှိနေလဲ၊ တွေ့ရှိခဲ့လဲ လို့ပြောပြပေးဖို့မမေ့နဲ့နော်။
မှ သွန်းသစ်သူ🌼
Comments
Post a Comment