အလုပ်နဲ့ဘဝမျှတတယ် (Work-Life Balance) ဆိုတာဘာလဲ?
အလုပ်နဲ့ဘဝမျှတတယ် (Work-Life Balance) ဆိုတာဘာလဲ?
ဒီမေးခွန်းကို အရင်တစ်လောကတွေ့လိုက်လို့ ကျမရဲ့ အတွေ့အကြုံနဲ့ အမြင်တစ်ချို့ကို ပြန်ဖြေချင်လို့ပါ။
အကယ်၍ ဒီမေးခွန်းကို ရိုးရိုးပဲတွေးပြီး ရိုးရိုးပဲပြန်ဖြေရမယ်ဆိုရင်တော့ ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ်လိုချင်တဲ့ဘဝကမျှတပြီး စိတ်ဖိအားမရှိဘူး၊ ကိုယ်လုပ်ချင်တာတွေနဲ့ အချိန်ကိုဖြတ်သန်းနိုင်တာပါလို့ ကျမယူဆပါတယ်။
🔹🔹🔹🔹🔹
နယူးဇီလန်က အလုပ်နဲ့ဘဝမျှတတယ်လို့ လူအများစုက ကြားဘူးကြမှာပါ။ များသောအားဖြင့် ဒီကိုစရောက်စကတော့ မတူတဲ့ နေရာအသစ်မို့ ရူခင်းအသစ်တွေ၊ မြင်ကွင်းအသစ်တွေ သဘောကျတယ်။
သိပ်မကြာဘူး ဆိုင်တော်တော်များများကည ၈၊ ၉ နာရီလောက်ပိတ်တာကိုတွေ့လာမယ် (ဒါကတော့ ဆိုင်ဖွင့်တဲ့သူတွေနဲ့ ဝန်ထမ်းတွေလဲ အလုပ်နဲ့ဘဝမျှတဖို့အတွက်ပါ :)) ညကျရင်လည်ဖို့နေရာသိပ်မရှိဘူး။ အကြီးဆုံးဖြစ်တဲ့ အော်ကလန်မြို့လဲ ည ၉ နာရီဆို နေရာအများစုမှာ တိတ်ဆိတ်နေပါပြီ။
ဒါကြောင့် ရက်နဲနဲကြာသွားတာနဲ့ "ရေကောင်း၊ မြေကောင်း၊ ပျင်းဖို့ကောင်း" တယ်လို့ တဖြေးဖြေးထင်လာတတ်ကျပါတယ်။ အလုပ်စောစောဆင်းပြီး စိတ်ဖိအားမရှိတဲ့ဘဝက ပျင်းစရာတစ်ခုလို ဖြစ်လာတယ်။
ဒါတွေက ကိုယ်လိုချင်တဲ့ဘဝကို မသိသေးလို့ဖြစ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ဘဝဆိုတာဘာလဲ? ဒါက လွယ်ကူတဲ့မေးခွန်းမဟုတ်ပါ။ အဖြေတိုင်းက တစ်ချို့သူတွေအတွက် မှန်ရင်မှန်ပေမယ့် လူတိုင်းအတွက် မှန်ချင်မှ မှန်ပါလိမ့်မယ်။
🔹🔹🔹🔹🔹
တရုတ်ပြည်က အသိတစ်ယောက်ရှိတယ်၊ သူအရင်က အမေရိကန်က အမဇုံ (Amazon) ကုမ္ပဏီက အင်ချင်နီယာခေါင်းဆောင်တစ်ဦးပါ။ သူရဲ့ တစ်နှစ်လစာဟာ ဒေါ်လာ7သန်း (USD 7,000,000) ရှိပါတယ်။ ဒီပမာဏက လူအများစု တစ်သက်နေလို့ ရချင်မှရမဲ့ပိုက်ဆံပါ။ သူအသက် ၃၀ မပြည့်ခင်ကတည်းက ဒီလစာကိုရနေပြီးသားပါ။ ဒါပေမယ့် သူမပျော်ဘူး၊ စိတ်ဖိစီးမူတွေဖြစ်လာတယ်။
အဲ့ဒါနဲ့ပဲ အလုပ်ထွက်ပြီး ကုမ္ပဏီတစ်ခုထောင်လိုက်တယ်။ ကိုယ်ပိုင်အလုပ်တစ်ခုလုပ်မယ်ဆိုတာ သူငယ်ငယ်ကတည်းက လုပ်ဘူးချင်တဲ့ ကိစ္စတစ်ခုပါ။ သိပ်မကြာဘူးအောင်မြင်သွားတယ်။ ဒါလဲမပျော်ပြန်ဘူး။ အဲ့ဒါနဲ့ကုမ္ပဏီကိုရောင်းပြီး ကမ္ဘာပတ်လိုက်တယ်၊ ၂ နှစ်ကြာသွားတယ်။ အရင်ကလောက် မပျော်တာတော့မဟုတ်ပေမယ့် ဘာလုပ်ရမလဲမသိဘူးဖြစ်နေတုန်းပဲ။
သူအခု တစ်သက်စာအတွက် ပိုက်ဆံကို ပူစရာမလိုတော့ပါ။ သူရင်းနှီးမြုတ်နှံထားတဲ့ငွေတွေက အလုပ်မလုပ်လဲ ပိုက်ဆံဝင်နေဦးမှာပါ။ ဒါပေမယ့်လဲ သူအခု နယူးဇီလန်ခဏနေပြီး ရှေ့ဆက်ဘာလုပ်ရင်ကောင်းမလဲဆိုတာကို စဥ်းစားနေတုန်းပါ။
🔹🔹🔹🔹🔹
နောက်ထပ်မိန်းကလေးတစ်ယောက်ရှိတယ်၊ သူအရင်က ထိုင်ဝမ်မှာနေပြီး လူအများစုကဲ့သို့ အလုပ်သွားလိုက်၊ အလုပ်ဆင်းရင် သူငယ်ချင်းတွေနဲ့ ထမင်းသွားစားလိုက်၊ အားကစားလုပ်လိုက်၊ သီချင်းဆိုလိုက်၊ အလည်သွားလိုက်နဲ့ အားတယ်ဆိုတာမရှိပါဘူး။ ဒါပေမယ့် သူတစ်နေ့ ငြီးငွေ့လာတယ်။ သူဘဝက ဒီလိုနဲ့ပဲပြီးဆုံးသွားမှာလားလို့ သူ့ကိုယ်သူမေးလာတယ်။
သူ့အလုပ်က ဒီဇိုင်နာဆိုတော့ သူအဝေးကနေလုပ်လို့ရတဲ့အလုပ်မျိုးကို နည်းလမ်းတကျရှာပြီး အခုတော့ နိုင်ငံတစ်ခုမှာ လအနည်းငယ်နေလိုက် နောက်တစ်နိုင်ငံပြောင်းနေလိုက်လုပ်ပြီးတော့ ပျော်မွေ့နေပါတယ်။
🔹🔹🔹🔹🔹
နောက်တစ်ယောက်ကတော့ ကျမရဲ့အရင်က အခန်းဖော်မိန်းကလေးတစ်ဦးပါ။ သူက အလုပ်နဲ့အလည် (Working Holiday) လာတဲ့သူဆိုတော့ အလုပ်လုပ်စရာမရှိရင် အခန်းထဲမှာပဲနေပြီး ဂိမ်းဆော့နေတာပဲများတယ်။ နောက်တော့ ကျမအိမ်ရှင်က အခန်းထဲမှာပဲနေရင် မူလနိုင်ငံမှာ နေနေတာနဲ့ ဘာမှသိပ်မကွာဘူး၊ တစ်ခြားဟာတွေမလုပ်ကြည့်ဘူးလားပြောတော့ သူတောင်စတတ်ဖြစ်တယ်။
သူမပြန်ခင် ၂ လအတွင်းမှာ တစ်ခါသွားရင် ၃ ရက်လောက်သွားရတဲ့ အထင်ကရတောင်တတ်ခရီးစဥ် (Great Walks) ၄ ခုကို သူတစ်ယောက်ထဲနဲ့ ပြီးအောင် တက်နိုင်ခဲ့တယ်။ အခုတော့ တစ်ခြားနိုင်ငံရောက်တိုင်း ဘယ်တောင်တွေတက်ရမလဲလို့ ခရီးစဆွဲနေပြီပေါ့။
🔹🔹🔹🔹🔹
ဒါကြောင့် ပျင်းဖို့ကောင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ်ဆိုတာ ကိုယ့်လိုချင်တဲ့ဘဝက ဘာလဲဆိုတာကို စပြီးစူးစမ်းလာနိုင်တဲ့အချက်ပြမီးတစ်ခုပါ။ နယူးဇီလန်လို ပြင်ပကစွက်ဖက်ခြင်း၊အနှောင့်အယှက်နည်းတဲ့နေရာက ကိုယ်လိုချင်တဲ့ဘဝက ဘာလဲဆိုတာကို သေချာပြန်စဥ်းစားဖို့ အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။
အလုပ်က စောစောဆင်းပြီး စိတ်ဖိအားမရှိတော့ ကိုယ်တစ်ကယ်လုပ်ချင်တဲ့ဘဝတွေကိုအကောင်အထည်ဖော်နိုင်တယ်၊ အလုပ်နဲ့ဘဝမျှတလာတယ်။ ကိုယ်ချစ်ရတဲ့ မိသားစုကို အချိန်ပေးနိုင်တယ်၊ ကိုယ်စိတ်ကြိုက်အိမ်ကို ကိုယ်ဟာကိုယ်ပြုပြင်တယ်၊ ဆောက်လုပ်တယ်၊ ကိုယ့်ခြံထဲမှာစိုက်ပျိုးရေးလုပ်တယ်၊ တောင်တက်တယ်၊ ငါးမျှားတယ်၊ ဝါသနာပါတာတွေလုပ်ကြတယ်။
မုဆိုးတစ်ဦးကအားတဲ့အချိန်မှာပန်းချီဆရာဖြစ်နိုင်တယ်။ မုန့်ဖုတ်ဆရာတစ်ဦးက ကမ္ဘာ့အဆင့်မှီကျွမ်းကျင်အားကစားသမား (professional player) တစ်ဦးဖြစ်နိုင်တယ်။ ဆောက်လုပ်ရေးသမားတစ်ဦးက ဆုများစွာရတဲ့ကျွမ်းကျင်ဓါတ်ပုံဆရာ (professional photographer) တစ်ဦးလဲဖြစ်နိုင်တယ်။ ငါးဖမ်းသမားတစ်ယောက်ဖြစ်ဖြစ်၊ စိုက်ပျိုးရေးသမားဖြစ်ဖြစ် အားကစားသမားတစ်ဦးဖြစ်နိုင်တယ်။ ဒီလူတွေအားလုံးက အပြင်မှာတစ်ကယ်ရှိတဲ့သူတွေပါ။
🔹🔹🔹🔹🔹
ဒါကြောင့် အလုပ်နဲ့ဘဝမျှတခြင်း (Work-Life Balance) ကို ရေရှည်လိုချင်တယ်ဆိုရင်တော့ ကိုယ်လိုချင်တယ့်ဘဝကို အရင်သိလာအောင်ကြိုးစားပါ။ ဒီလမ်းက ဖြောင့်ဖြောင့်ဖြူးဖြူးလမ်းမဟုတ်တာများပါတယ်။ ဒါပေမယ့်လဲ စတိဗ်ဂျော့ (Steve Jobs) ပြောခဲ့ဘူးတဲ့ စကားလေးကိုသတိရမိပါတယ် -
"ကိုယ်အရမ်းကြိုက်ပြီး စိတ်ဝင်စားမိတဲ့ အရာကို တစိုက်မတ်မတ် ရှာဖွေပါ။ ... မတွေ့ရသေးရင် ဆက်ရှာနေပါ—မရပ်တံ့လိုက်ပါနဲ့" တဲ့။ "You’ve got to find what you love... If you haven’t found it yet, keep looking—and don’t settle." — Steve Jobs (Stanford Commencement, 2005)
နည်းနည်းဖြစ်ဖြစ် လုပ်ချင်တယ်လို့ အတွေးရှိလာရင် စမ်းလုပ်ကြည့်ပါ။ အထူးသဖြင့် အားကစားအဖွဲ့အစည်းတွေ၊ ခေါင်းထဲမှာရှိခဲ့ဖူးတဲ့ စိတ်ဝင်စားရာတွေကို လုပ်တွေ့လုပ်ကြည့်ပါ။ အခုခေတ်မှာ အင်တာနက်ကနေ ဘာမဆိုရှာနိုင်ပြီး တစ်ကနေစပြီးတော့ ကိုယ့်ဟာကိုယ် စလုပ်နိုင်မယ့် နည်းများစွာရှိပါတယ်။
လုပ်တာတွေ၊ စိတ်ဝင်စားတွေအားလုံးက ကိုယ်တစ်ကယ်ဝါဿနာပါတဲ့အရာ ဖြစ်ချင်မှဖြစ်ပါမယ်။ ဒါပေမယ့် အနည်းဆုံးတော့ အဆင့်တစ်ဆင့်ပြီးမြောက်အောင်သင်ပါ (ဥပမာ ဂစ်တာတီးတတ်ချင်တယ်ဆိုရင် သီချင်းတစ်ပုဒ်ပြီးအောင်သင်ပါ) ။ ပြီးတော့မှ တစ်ကယ်စိတ်မပါဘူးဆိုရင် နောက်တစ်မျိုးပြောင်းကြည့်ပါ။ ကိုယ်စိတ်မပါတာတွေကို တစ်ဖြေးဖြေးနားလည်လာပြီး ကိုယ်တစ်ကယ်စိတ်ဝင်စားတဲ့အရာတွေကို တွေ့လာပါလိမ့်မယ်။
ဂရိရဲ့ ရှေးဟောင်းဘုရားကျောင်းတစ်ခုမှာရေးထားပြီး ဆိုကရေးတီး (Socrates) မကြာခဏကိုးကားပြီးပြောတတ်တဲ့ "ကိုယ့်ကိုယ်ကို နားလည်ပါ (Know thyself)" ဆိုတဲ့စကားတစ်ခွန်းက တစ်သက်လုံးလေ့လာမဆုံးတဲ့ ပုစ္ဆာတစ်ပုဒ် မဟုတ်လား?
မှ သွန်းသစ်သူ🌼
Comments
Post a Comment