New Zealand! New? Zealand?

နယူးဇီလန် (New Zealand) ကို ဘာလို့ "New" - အသစ် ဆိုတဲ့ စာလုံးပါလဲ စဥ်းစားဘူးလား? New Zealand တင်မကပါဘူး၊ New York, New England, New South Wales, စတဲ့ New ပါတဲ့ နေရာတွေရဲ့အနောက်မှာ သမိုင်းလေးတွေရှိတတ်ပါတယ်။

Zealand ဆိုတာ မူလက နယ်သာလန်နိုင်ငံရဲ့ ပြည်နယ်တစ်ခုနံမည် "Zeeland" ဖြစ်ပြီး "ပင်လယ်ပေါ်ကမြေ" လို့အဓိပ္ပာယ်ရပါတယ်။

၁၇ ရာစုမှာ နယ်သာလန် (ဒတ်ခ်ျ)လူမျိုး နယ်ပယ်သစ်ရှာဖွေသူ အေဘယ်တာစမန် (Abel Tasman) က ပထမဆုံး ဒီကျွန်းလေး ကို တွေ့ရှိသော အနောက်တိုင်းလူမျိုးဖြစ်ပြီး သူ့ရဲ့ မွေးရပ်မြေကို အဆွဲပြုပြီးတော့ ဒတ်ခ်ျ စကား "Nieuw Zeeland" လို့ နံမည်ပေးခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက်ရောက်သွားပြီးနောက်မှ အင်္ဂလိပ်လို "New Zealand" လို့ ဖြစ်လာတာပါ။

အေဘယ်တာစမန် မတွေ့ခင်ကတည်းက ဒီကျွန်းပေါ်မှာ မအိုရီ (Māori) လူမျိုးတွေနေကြပြီး သူတို့ရဲ့အခေါ်ကတော့ အာအိုတီအာရိုအာ "Aotearoa" - တိမ်ဖြူရှည်တွေရဲ့မြေ (Land of the Long White Cloud) လို့အဓိပ္ပာယ်ရပါတယ်။ အကြောင်းရင်းကတော့ ပထမဆုံး မအိုရီလူမျိုးတွေ ကနူးလှေ (waka) စီးပြီးရောက်တဲ့အချိန်က မြင်တွေခဲ့တဲ့မြင်ကွင်းလို့ ပြောကြပါတယ်။

အေဘယ်တာစမန်က ဒီကျွန်းကိုတွေ့ပင်မယ့် မအိုရီလူမျိုးတွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျွန်းပေါ်ကိုတက်ခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ သူပထမဆုံးရောက်ခဲ့တဲ့နေရာကို တာစမန်ပင်လယ်အော် (Tasman Bay / Te Tai-o-Aorere)၊ သူပထမဆုံးစာပေမှာမှတ်သားခဲ့တဲ့သြစတြေးလျကကျွန်းကို တာစမနီယာကျွန်း (Tasmania)၊ သူဖြတ်သွားခဲ့တဲ့ပင်လယ်ကို တာစမန်ပင်လယ် (Tasman Sea) စသည်ဖြင့် နေရာအသီးသီးမှာ သူနံမည်ကို တွေ့နိုင်မှာပါ။

ဒီနေ့တော့ ဒီလောက်ပါပဲ။ ပြုပြင်စရာများ၊ ဖြည့်စွက်ပေးလိုတာများရှိရင် အောက်မှာစာရေးပေးပါလို့ :)

မှ သွန်းသစ်သူ🌼


Comments